Showing posts with label Love Poem. Show all posts
Showing posts with label Love Poem. Show all posts

Friday, April 20, 2012

ပွင့်တူရွက်တူ

သံယောဇဉ်နှစ်ဖက်ကမ်း
နားလည်မှုတံတားနဲ့ ဖြတ်သန်း
အကြင်နာလမ်းဖြစ်စေ

ယုံကြည်စွာလျှောက်ခဲ့လမ်း
ဘာလာလာ ခွဲမရစတမ်း
တွဲလက်တွေ ခိုင်မြဲစေ

ရက်လ နှစ်ရှည်
နှောင်ကြိုးတွေ ထပ်ဆင့်ကမ်း
အခန်းဆက်အနမ်းနဲ့ အချစ်သစ်ဝေ
တစ်ယောက်ဖူးရင် တစ်ယောက်ပွင့်လို့
တစ်ယောက်လန်းရင် တစ်ယောက်က နမ်းလို့
ပျော်ရွှင်ခြင်းပန်းတစ်ခင်း
ချစ်ခြင်းဖြင့်စိမ်းလန်းစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ချစ်သူရေ
သံသယတိမ်တိုက်တွေကို နားလည်မှုနဲ့ ဖယ်ရှား
ဝမ်းနည်းမိုးသားတွေကို ဖြေသိမ့်ခြင်းလေပြေနဲ့ တွန်းထုတ်
လောကဓံတရားကို ရဲရဲရင်ဆိုင်လက်တွဲထား
အပြာရောင်နောက်ခံချစ်ခြင်းတရားမှာ
ရိုးသားဖြူစင်တဲ့ တိမ်တိုက်တွေသာရှိပါစေ

ချစ်သူရေ
ချစ်ခြင်းတရားဟာ အဆုံးမဲ့ကောင်းကင်
မြတ်နိုးမှုဟာ ရေတွက်မကုန်နိုင်တဲ့ ကြယ်စင်များ
ကမ္ဘာတည်မဲ့ သစ္စာတရားဟာ
တို့နှစ်ယောက်ကြားမှာ နေရောင်လို ထွန်းလင်းစေ
လရောင်လို အေးမြစေ

ချစ်သူရေ
ဤမှန်သော သစ္စာစကားနဲ့
ဆုတောင်းတိုင်းလည်း ပြည့်ပါရစေ
ကြယ်တွေကို ကြိုးနဲ့သီ
ကောင်းကင်ကို ဖြန့်ခင်း
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်နဲ့
မင်းခြေတော်ရင်းမှာ ခစား
ဘ၀ဆက်တိုင်း မင်းအပါးတော်မြဲဖြစ်ပါရစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အနမ်း

တစ်ဘ၀စာအနမ်းလား
တစ်ခဏတာအနမ်းလား
အချစ်ချင်းတူရင် အလွမ်းချင်းတူလို့
အလွမ်းချင်းတူရင် အနမ်းချင်းလည်း တူရမှာပေါ့
အခုတော့
ဖေဖော်ဝါရီ ၁၄ လမ်းဟာ
ကိုလံဘီယာက ပို့လိုက်တဲ့နှင်းဆီရနံ့တွေနဲ့ သင်းပျံ့လို့
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ဟာ
တစ်ခန်းပြီး တစ်ခန်း အနမ်းချင်းဆက်လို့
ဖေဖော်ဝါရီ ၁၄ သစ်ပင်ဟာ
ဘယ်ပန်းပွင့်ပွင့် မွှေးမြလို့
ဖေဖော်ဝါရီ ၁၄ အင်္ကျီဟာ
နွေးထွေးလုံခြုံလှပလို့
ချစ်သူရေ
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ကြည့်ဖို့
ဖေဖော်ဝါရီ ၁၄ လမ်းက
ဖေဖော်ဝါရီ ၁၄ သစ်ပင်အောက်မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျီကိုဝတ်ပြီး စောင့်ပါ
မကြာခင်မှာ
ဖေဖော်ဝါရီ ၁၄ အနမ်းတွေ မိုးလိုရွာလိမ့်မယ်

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အင်္ကျင်္င်္ီ

သူတော်စင်စိန့်ဗယ်လင်တိုင်း ကိုယ်တိုင်ချုပ်ပေးခဲ့အင်္ကျင်္ီ
သံယောဇဉ်အပ်ချည်ကြိုးတွေနဲ့
နားလည်မှုကြယ်သီးတွေနဲ့
ပျော်ရွှင်ခြင်းအိပ်ကပ်တွေနဲ့
ထောင်လွှားတတ်တဲ့မာနကိုတော့
ကော်လံတစ်ခုလို သေသေသပ်သပ်ခေါက်လို့
နှစ်ခြမ်းကွဲနေတဲ့ ရင်ဘတ်တွေကို ပြန်စေ့ပေးဖို့
အေးစက်နေတဲ့နှလုံးသားတစ်စုံကို နွေးထွေးစေဖို့
အကာအကွယ်မဲ့နေတဲ့ ရင်တစ်စုံကို လုံခြုံမှုတွေပေးဖို့
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျင်္ီလေးကို ၀တ်ဆင်ရင်း
ချစ်သူ ရယ်မော ပျော်ရွှင် နိုင်ပါစေ
ချစ်သူ လုံခြုံနွေးထွေးနိုင်ပါစေ
ချစ်သူ သာယာကြည်နူးနိုင်ပါစေ


မင်းနဒီခ

မိုး

မျက်ဝန်းတွေ စွတ်စွတ်စိုနေပေမဲ့
တနင်္ဂနွေမိုးတိမ်က ဘယ်လိုခြိမ်း ခြိမ်းမရွာဘူး
မျှော်လေတိုင်း အခါလွန်ကောင်းကင်
ပက်ကြားအက်ရင်တစ်စုံရဲ့ တခုတ်တရ သတိရခြင်းများ
စောင့်စားခြင်းဆိုတာ
ဆာဟာရရဲ့ တစ်ခုတည်းသော အိုအေစစ်လေးတစ်ခုပေါ့
ငါ့ရဲ့ မြေသင်းရနံ့လေးရေ
မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲကွယ်
အဲဒီလိုအလွမ်းနဲ့ တိတ်ဆိတ်စွာ ငါအော်တယ်
ချစ်ခြင်းတရားကို ဘယ်လိုပင်လယ်နဲ့ အငွေ့ပျံပြနေရဦးမှာလဲ
ရွက်ကြွေလမ်းရဲ့ နာနာကျင်ကျင်ရယ်သံတွေကြားမှာ
ဒီနေ့
ငါနှုတ်ခမ်းတွေ ခြောက်သွေ့လွန်းခဲ့တယ်

မင်းနဒီခ

ချိုမြိန်တဲ့ဒဏ်ရာ

ဘယ်တော့ပြန်လာမှာလဲကွယ်
မင်းအတွက်ခူးထားတဲ့ ပန်းလေးတွေ ညှိုးနွမ်းမသွားသေးချိန်
အလွမ်းနဲ့ ပြန်ညှိထားတဲ့ ဂစ်တာတစ်လက်ရဲ့
မင်းနာမည်တဖွဖွခေါ်သံလေး ကြိုးပြတ်မသွားသေးချိန်
မင်းအရိပ် မင်းအရောင်နဲ့ လင်းနေတဲ့ညလေး မှေးမှိန်မသွားသေးချိန်
ဘယ်တော့ပြန်လာမှာလဲကွယ်
နရံတံတိုင်းတွေ အထပ်ထပ်နဲ့ ဝေးကွားဖို့ပဲ နီးစပ်ခဲ့
နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရုန်းထွက်ဖို့ပဲ ချည်နှောင်ခဲ့
ဘယ်လိုရက်စက်မှုမျိုးက မင်းနှုတ်ခမ်းကို ချိုမြိန်စေခဲ့သလဲ
ဘယ်တော့ပြန်လာမှာလဲကွယ်
အသွေးအသားထဲ စိမ့်ဝင်နေတဲက သတိရခြင်းကို ကုစားဖို့
စစ်ရှုံးနေတဲ့ တောင်ကုန်းကို ပန်းနုရောင် အလံတစ်လက်လွင့်ထူဖို့
ခြောက်သွေ့နေတဲ့ ချစ်ခြင်းတရားကို ရေလောင်းပေါင်းသင်ပေးဖို့
ပြန့်ကျဲနေတဲ့ ငါ့ဘ၀ကို
စက်ဝိုင်းတစ်ဝိုင်းလို လှလှပပအနားသတ်ပေးဖို့
ဘယ်တော့ပြန်လာမှာလဲကွယ်
စောင့်ရခြင်းဟာ သွေးမထွက်တဲ့ဒဏ်ရာတစ်ခုလိုပါပဲ
တစ်စထက်တစ်စ တိုးဝင်လှိုက်စားလို့။
မင်းနဒီခ

အ၀ါရောင်သစ္စာ

မမြင်ခင်ကတည်းက
စိတ်ကူးထဲ လှပနေတဲ့အ၀ါ
မပွင့်ခင်ကတည်းက
တစ်ပင်လုံး ဆွတ်ပျံ့နေတဲ့ ရနံ့အ၀ါ
သစ္စာတရားနဲ့ ယှက်ဖောက်ချိတ်ဆွဲထားသော ပန်းများ။

အဘိုးက အဘွားကို ပန်ပေးခဲ့တဲ့ အ၀ါ
အဖေက အမေ့ကို ခူးပေးခဲ့တဲ့ အ၀ါ
မေတ္တာတရားနဲ့ ထုဆစ်ပုံဖော်ထားသော ပန်းများ။

ဟော အခု တဒေါက်ဒေါက် နဲ့
အိမ်အပြင်က ပိတောက်
ကျွန်တော့် ရင်ကို တံခါးခေါက်နေပြီ။

မင်းနဒီခ
Shwe Mandalay Journal

သတ္တမမြောက် မျက်မမြင်ပုဏ္ဏား

အချစ်က ကြိုးတစ်ချောင်းနဲ့ တူတယ်
မပြေးနိုင် မရုန်းနိုင်အောင် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့
ကြိုးလေးတစ်ချောင်းပေါ့
အချစ်က နံရံတံတိုင်းကြီးနဲ့ တူတယ်
မထိုးဖောက် မကျော်လွှားနိုင်အောင် မြင့်မြင့်မားမားကာရံထားတဲ့
တံတိုင်းကြီးတစ်ခုပေါ့
အချစ်က ယပ်တောင်ကြီး တစ်ချောင်းနဲ့တူတယ်
နွေလယ်ညရဲ့ ပူလောင်ပြင်းပြမှုတွေကို အေးမြသွားစေနိုင်တဲ့
ယပ်တောင်ကြီး တစ်ချောင်းပေါ့
အချစ်က တိုင်လုံးကြီးတွေနဲ့ တူတယ်
နှလုံးအိမ်လေးကို မယိုင်မလဲအောင် တည့်မတ်ထောက်ကူပေးထားတဲ့
ချစ်စရာ တိုင်လုံးကြီးတွေပေါ့
အချစ်က မြွေတစ်ကောင်နဲ့တူတယ်
လျှာနှစ်ခွနဲ့ ဘယ်တော့မှ ဖြောင့်တန်းစွာ သွားလို့မရတဲ့
မြွေဆိုးလေးတစ်ကောင်ပေါ့
အချစ်က လှံတစ်ချောင်းနဲ့တူတယ်
ရင်တစ်ခုလုံးစူးနစ်နာကျင်နေစေပေမဲ့
ဘယ်လိုမှ နှုတ်မပစ်ရက်တဲ့ လှံချွန်ချွန်လေးတစ်ချောင်းပေါ့
မဟုတ်ဘူး မဟုတ်ဘူး
အချစ်ဆိုတာ အင်မတန် လေးလံလှတဲ့ ၀န်ထုပ်ဝန်ပိုးနဲ့
ပြည့်သိပ်နံစော်နေတဲ့ အမှိုတ်အိတ်တစ်လုံးသာ ဖြစ်တယ်
လွင့်ပစ်လိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
ထွက်ကျလာတဲ့ ဒုက္ခ၀န်ထုပ်ဝန်ပိုးတွေကြားမှာ
တစ်စထက် တစ်စကျေနပ်ယဉ်ပါး
နောက်ဆုံး
ကိုယ့် ကိုယ်ကိုယ် ကြည်နူးစွာ စတေးပေးလိုက်ရတယ်။

မင်းနဒီခ
Fashion Image Magazine

အချစ်အကြောင်းပြောတဲ့ည

ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
မြင်နိုင်တဲ့ အရပ်မှာပဲ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်နေရာစီ
ညီမလေးက နေထွက်ရာအရပ်ကို မျက်နှာမူပြီး
ကိုယ်က နေ၀င်ရာအရပ်ကို မျက်နှာမူတယ်
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဒီလိုအချိန်ဆို ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို ကြားနေကျ
ဒီလိုအချိန်ဆို ညီမလေးရဲ့ နှုတ်ခမ်းဖျားက နှင်းဆီရနံ့တွေကို ဖျားယောင်းခိုးယူနေကျ
နက်မှောင်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံနွယ်ချောင်းချောင်းတွေကြားမှာ
ကိုယ့်လက်ချောင်းတွေ ထိုးဖွဆော့ကစားမိတဲ့အခါ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ
ပြောသင့်တာအတွက် ပြောချင်တာကို မျိုသိပ်ကျိတ်မှိတ်ပေးခဲ့ရ
အချစ်နဲ့ ဘ၀ကို ညီမျှခြင်းချပြဖို့ သတ္တိမရှိခဲ့ရုံလေးနဲ့
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ညီမလေးအတွက်ရေးတဲ့ကဗျာ ကိုယ်ဘယ်သူ့ကို ဖတ်ပြရမလဲ
ညီမလေးကို ပြောချင်တဲ့စကား ကိုယ်ဘယ်သူ့ကို ကြားစေရမလဲ
တစ်ယောက်တစ်ကမ္ဘာစီ ဝေးနေရတာထက်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝေးနေရတာ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး

မင်းနဒီခ

နှောင်ကြိုးမဲ့

အမိုက်မဲဆုံးသော ရူးသွပ်မှုတွေနဲ့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်မထားစတမ်း
ကြိုးများကို ဖြည်ချလိုက်ပါ
အချစ်ဆိုတာ
ငါလျှောက်တဲ့လမ်းမှာ ၀င်တိုက်မိတဲ့ ခဲလေးတစ်လုံး
ဒါမှမဟုတ်
မင်းကန်ရေပြင်မှာ လှိုင်းထသွားတဲ့ ရေပွက်လေးတစ်ခု
အဲဒီအတိုင်းပဲပေါ့
ငါ့ကိုလွမ်းရင် ကြယ်ကိုကြည့်
ငါကလွမ်းရင် ကြယ်လို ကြွေမယ်
မဆုံနိုင်ခြင်းဆိုတာ
ငါတို့နှစ်ဦးရဲ့ နောက်ကျောက ရန်သူပါပဲ

မင်းနဒီခ

အထီးကျန်ဘူတာ

ခွဲခွာခြင်းဆိုတာ
ငါမကြားမိလိုက်တဲ့ ဥသြသံမှန်းသိခဲ့ရင်
ဒီအလံစိမ်းစိမ်းကို ငါထောင်မပြခဲ့ပါဘူး ချစ်သူ။

အခုတော့ အဲဒီရထားကြီးက
မင်းနဲ့ ငါ့ကို တစ်ဖက်စီထားပြီး
မဆုံနိုင်တော့မယ့် အမှတ်တစ်ခုဆီ ခရီးဆက်
ငါ့ကိုမှ သက်သက်မဲ့ လုပ်ကြံတယ်။

သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ခြားရုံနဲ့
ကိန္ဒရီ ကိန္ဒရာ ချောင်းခြားသလို
သွက်သွက်ခါအောင်ကျခဲ့ရတဲ့ မျက်ရည်စက်များ
နှုတ်ဆက်လက်ပြ
နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အနမ်းနေ့စွဲများ
အိုမိုဒီဂလီယာနီ ရဲ့ သတို့သားနဲ့ သတို့သမီးပန်းချီကားဆီက
တမင်သက်သက်လှောင်ရယ်ဟားတိုက်သံများ
တဖြည်းဖြည်းနဲ့ ငါ့အကြားအာရုံမှာ
ရထားဥသြသံဟာ ဝေး ဝေးသွားခဲ့
ငါကတော့
တိတ်တိတ်ဆိတ်ဆိတ်ကျန်ခဲ့တဲ့ ဘူတာရုံလေးတစ်ခုအဖြစ်နဲ့သာ။

မင်းနဒီခ

ပျားရည်ည

လရောင်က
ည၀တ်အင်္ကျီဖြူဖြူလေးထဲ
တဖြည်းဖြည်းတိုးဝင်စိမ့်သက်လို့
လေတိုးသံသဲ့သဲ့မှာ
တလှပ်လှပ်လှုပ်ခတ်သွားသော သစ်ရွက်ခြောက်ကလေးများ
နဖူးပေါ်က ဝေ့၀ဲလွင့်ခါနေတဲ့ ဆံနွယ်စလေးများ
မေးစေ့ချွန်ချွန်လေးထက်က
စံပယ်တင်မှဲ့နက်ကလေးရဲ့ ဖြားယောင်းသွေးဆောင်မှုများ
ပြတင်းပေါက်ကချောင်းကြည့်နေတဲ့ အလင်းမှာ
ကြယ်တစ်ချို့ရဲ့ ရယ်သံတလွင်လွင် ကြားတယ်
နံရံချိတ်ထားတဲ့ တိုင်ကပ်နာရီကတော့
ရှက်ရှက် ရှက်ရှက် နဲ့ ကျီစယ်လို့ ကောင်းနေဆဲ
တစ်နေကုန်တပ်ဆင်ထားတဲ့ အပြုံးတုဟာ
အခု ရင်သပ်ရှူမောဖွယ်သက်ပြင်းကို ခပ်မျှင်းမျှင်းချလိုက်ပြီ
ကပိုကရိုနဲ့ လှချင်တိုင်းလှနေတဲ့ည
နောက်ထပ်ရနိုင်ပါဦးမလား
ဟိုမှာ သတို့သမီး အိပ်ပျော်တော့မယ်။

မင်းနဒီခ
Fashion Image Magazine

ဖေဖော်ဝါရီ ၁၄ လမ်း

တယုတယထုပ်ပိုးထားတဲ့ ချောကလက်တစ်ထောင့်မှာ
ချစ်ခြင်းတရားက ဘယ်လိုအရသာနဲ့ ပျော်ဝင်နေသလဲ
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ငါ့အခန်းထဲ
ပြန့်ကျဲနေတဲ့ ပိုင်ရှင်မဲ့ ပို့စကဒ်တွေ
အကြိမ်ကြိမ် ချိန်းဆိုပြီး အကြိမ်ကြိမ် လွဲချော်ထားတဲ့နေ့စွဲတွေ
နွေကြိုတေးနဲ့ ချော့သိပ်လိုက်ရတဲ့ အိပ်မက်တွေ
အဲဒီလို နေ့စဉ်ရက်ဆက် ကြေကွဲခြင်းများ
ငါ့ရဲ့ဗုဒ္ဓဟူးနံလေးရေ
အနမ်းဆိုတာ
သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေတစ်မျိုးပဲပေါ့
နီးနီးဝေးဝေး ငါ့နှလုံးသားကို ဖုန်းခေါ်ပါ
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး

မင်းနဒီခ
Empress Magazine

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးရဲ့ နံဘေးမှာ
လူတွေ သစ်ပင်တွေ လမ်းမတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားနောက်ခန်းမှာ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ် ပျော်မြူးနေတဲ့ သူငယ်ချင်းများ
ကားရှေ့ခန်းမှာ အလိုက်မသိ စကားတွေ ဖြတ် ဖြတ်ပြောတတ်တဲ့ ကားဒရိုင်ဘာ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက ဧရာဝတီ မြစ်ကြီးကို ဖြတ်နေတယ်
တံတားအောက်မှာ
မြစ်ရေတွေ လှေတွေ သင်္ဘောခေါင်းတိုင်က မီးခိုးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်းတက်ပြီး
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်း ပြန်ဆင်းခဲ့တယ်
ရှုမျှော်ခင်းတွေ အကွေ့အကောက်တွေ မြစ်လယ်ကျွန်းတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အိမ်ပြန်ချိန်က ရောက်တော့မယ်
အသွားနဲ့ အပြန်လမ်းက တစ်ဖက်တစ်ချက်စီ
စေတီပုထိုးတွေ လယ်ကွင်းတွေ ခြေတိုင်ရှည်အိမ်လေးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
အခုထိတော့
ကားရှေ့ခန်းက ဒရိုင်ဘာကလဲ အလိုက်မသိ စကားတွေ ဖြတ်ဖြတ်ပြောနေဆဲ
ကားနောက်ခန်းက သူငယ်ချင်းတွေလဲ သူ့အဓိပ္ပာယ်နဲ့သူ ပျော်မြူးနေကြဆဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကြည်နူးခြင်းတွေ အထိအတွေ့တွေ အတူရှိနေခွင့်တွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
နှုတ်ဆက်ခွဲခွာချိန် နေမ၀င်ခင်လေးပါပဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားခဲ့တယ်

မင်းနဒီခ

မျှော်လင့်ခြင်း တနင်္ဂနွေ

ဒီတနင်္ဂနွေလဲ
ပြီးခဲ့တဲ့ တနင်္ဂနွေ အတိုင်းပါပဲ
လာလမ်းအတိုင်းစောင့်ခဲ့တယ်
အေးစက်တင်းမာနေတဲ့ လက်ဖက်ရည်တစ်ခွက်မှာ
စောင့်စားခြင်းတွေ
ဘယ်လောက်တောင် ပျော်ဝင်နေခဲ့ပြီလဲ
လွမ်းစိတ်နဲ့ လွင့်ပျံ့နေတဲ့ စီးကရက်ငွေ့တွေက
မရေရာခြင်းရဲ့ နမိတ်ပုံ တစ်ခုလို
အချိန်တွေ ကုန်တာပဲ မြန်လွန်း
ကြည့်ပါများလို့ နာရီလေးလဲ ပွန်းပဲ့နေပြီ
ဒီလက်ဖက်ရည်ဆိုင်က
အလွမ်းသီချင်းတွေချည်းပဲ ဖွင့်နေတာ ဆိုးတယ်
ဘာတတ်နိုင်မှာလဲ
ချစ်ခြင်းမသိတဲ့သူတွေ ရယ်ကြပါစေပေါ့
ဒီတနင်္ဂနွေလေး အမှောင်မ၀င်ခင်
အရင် တနင်္ဂနွေအတိုင်းပဲ ပြန်ခဲ့တယ်

မင်းနဒီခ
Shade Journal

မိုးနည်းရပ်ဝန်း

အချစ်က
ရွာဟန်ဆောင် ထွက်ပြေးတတ်တဲ့ တိမ်တစ်ဆုပ်လား
မျှော်လင့်မိတဲ့ မျက်ဝန်းတွေသာ မိုးတစိုစို
လွမ်းစိတ်က သတိရတိုင်းပြိုအောင် ညို့တယ်
ပျောက်ကွယ်သွားတဲ့ မိုးသားတွေ
ဘယ်ဆီရွာနေပြီလဲ
ငါ့မှာ
ရေနည်းရာ မိုးခေါင်နေတဲ့ ရပ်ဝန်းတွေနဲ့
ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ဖြေနေရတဲ့ ဘဝ
ခံစားခဲ့ရသမျှ
ဖုန်တထောင်းထောင်း ထပြနေရတာပဲ ကြေကွဲစရာ
အိပ်မက်မှာတော့
ရင်တခင်းလုံး မိုးတွေသည်းလို့

မင်းနဒီခ

နောင်တ

ဘုရားသခင်တားမြစ်ထားတဲ့ သစ်သီးလေးတစ်လုံးခူးမိရုံနဲ့
ကြေကွဲစိတ်တွေ ပင်လုံးညွတ်အိလာမယ်မှန်း
မတွေးဖြစ်ခဲ့ဘူး။

အခုတော့
မိုးပေါ်ပျံတတ်မဲ့ ပူဖောင်းလေးတစ်လုံးလို
ပြုကျလာမဲ့ အချိန်ကို တွေးရင်း
သူ့အစာအိမ်ထဲက ဓါတ်ငွေ့ကို
အန်ထုတ်ရအခက် မျိုချရအခက်။

မင်းပျော်ဖို့သက်သက်နဲ့
ရင်တစ်လုံးပေါက်ကွဲထွက်လာတဲ့ ပန်းရှူးမီးပန်းတွေပါ
ကောင်မလေးရယ်
ပိုက်ကွန်ထဲက ငါးတစ်ကောင်အတွက်တော့
လေကောင်းလေသန့်ဆိုတာလဲ
အသက်ရှူကျပ်မှန်း သိခဲ့ပြီ။

ဝမ်းနည်းစရာပါပဲ
မျှော်လင့်ခြင်းဆိုတဲ့ ကြမ်းပြင်မှာ
အသံမမြည်ဘဲ ကျကွဲသွားတဲ့ ဖန်ခွက်လေးလို
ငါကမ္ဘာမှာ ငါတစ်ယောက်တည်းသာ
အစိတ်စိတ် အမွှာမွှာ ပြန့်ကျဲလို့။

မင်းနဒီခ

ခိုကိုးရာ

အိမ်ဆိုပေမဲ့
နေဒဏ်မိုးဒဏ် ခံနိုင်ရုံက လွဲပြီး
ရင်ငွေ့မလုံဘူး

လွမ်းတိုင်း
ပြိုပြိုလာတတ်တဲ့ စိတ်က
ဘယ်ဥတုနဲ့မှ မရွာဘဲ
မြုံနေတတ်တဲ့ မိုး

တစ်ယောက်တည်း
ယောင်ယောင်ပြီး နိုးလာခဲ့တဲ့ ညတွေ
ဘယ်လိုတရားနဲ့ ဖြေမလဲ

ဒီလိုပါပဲ
ရင်ထဲမှာ စိုက်ထားတဲ့ ပန်းလေး
ရနံ့မပေးခင် အချိန်အထိတော့
တစ်ယောက်တည်းကမ္ဘာမှာ
မျှော်လင့်ခြင်းသာ ခိုကိုးရာ။ ။

မင်းနဒီခ
Shape Journal

ပွင့်မျောရိပ်

စိတ်အတွေးမှာတော့
အစီအရီဖူးတဲ့ ပုရစ်ဖူးလေးတွေပဲပေါ့
ကိုယ်စီ ရနံ့ပေးတော့မှ ပွင့်နေမှန်း သိတယ်
တစ်ချို့အပွင့်က လေပြေနဲ့အတူ
တစ်ချို့အပွင့်က စမ်းရေနဲ့အတူ
တစ်ချို့အပွင့်က ပန်ဆင်သူနဲ့ အတူ
ထပ်တူကြွေဆင်း
ညှာတံကင်းကွာ
တစ်ပွင့်တစ်နေရာစီလွင့်မျော
ကျန်နေသူ ပင်စည်မှာ ရင်တလှပ်လှပ်မောလို့
ကျွမ်းမြိုက်လှိုက်ဆူ
ဘယ်အပူမှာ ဘယ်ပွင့်ဖြူနွမ်းရှာမလဲရယ်နဲ့
ရှောင်ခွာဖယ် ပွင့်ကြွေပန်းအတွက်
အပင်အို ဒီအရိပ်ဟောင်းမှာ
မျှော်. . လွမ်း .. ရင့်... ရော်။ ။

မင်းနဒီခ

အနံ့အသက်

သေချာတယ်
ဒါကျည်ဆန်တစ်တောင့်ရဲ့ အနံ့အသက်ပဲ
ပြောင်းဝမှာ မီးခိုးတွေ တလူလူနဲ့
သွေးဆူနေတဲ့ သေနတ်တစ်လက်ရဲ့ တောက်ခေါက်သံ
ဘယ်အချိန်မှာများ ငါ့ရင်ကို လာမှန်မလဲ
စိတ်ကူးထဲတောင် ထိတ်လန့်
သွေးပျက်မတတ်ခြောက်ခြား
ထင်ယောင် ထင်မှားနဲ့ ပြောနေတာ မဟုတ်ဘူး
ဒါ ကျည်ဆန်တစ်တောင့်ရဲ့ အနံ့အသက်ပါပဲ
ဗီးနပ်ရေ ငါ့ကို ကယ်ပါ
ငါ့ကို ပုန်းခိုစရာ ရင်ခွင်တစ်ခုပေးပါ
ဟိုမှာ
နှစ်ဆယ့်တစ်ရာစုကို ဘောင်းဘီချုပ်ဝတ်ထားတဲ့ သမီးပျို
သေနတ်တစ်လက်လို အချစ်ကို လက်ထဲ လှည့်ကစားရင်း
အသာအယာ ချွတ်နင်းလို့
ငါ့ရင်ကို စစ်တလင်းလုပ်ဖို့ လာနေပြီ။ ။

မင်းနဒီခ