Sunday, May 6, 2012

နေ၊ လ နဲ့ ကမ္ဘာ

သတိရတိုင်းထုတ်ကြည့်ဖြစ်တယ် မိသားစုဓါတ်ပုံလေး
အဖေနဲ့ အမေက အလယ်မှာ
အဖေ့ဘေးမှာ ကျွန်တော်နဲ့ ညီလေးတစ်ယောက်
အမေ့ဘေးမှာ ညီငယ်နှစ်ယောက်
သားလေးယောက်မှာ ဘယ်တစ်ယောက်မှ အမေ့ရင်ကို မီးမတောက်စေခဲ့ပေမဲ့
အတောင်အလက်တွေစုံလို့ ဆံထုံးနောက် သျှောင်တွေပါ
အချိန်တန်လို့ တစ်ယောက်တစ်လမ်းစီ ခွဲခွာ
အမေရယ် တစ်ယောက်တည်း ယောင် ယောင်ပြီး နိုးလာတဲ့ညတွေမှာ
သားကြီးရေ သားငယ်ရေဆိုပြီး ရှာများ ရှာနေမလား
ဒီအချိန်ဆို သားကြီးအိမ်ပြန်လာနေကျ
ဒီအချိန်ဆို သားငယ်တွေ ဆော့ကစားနေကျလို့
အတိတ်ကို ပြန်လွမ်းရင်း အိမ်တံခါးဝမှာ ထိုင်ပြီးငေးနေမလား
ခွင့်လွှတ်ပါ အမေရယ် အမေနဲ့ ဝေးနဲ့အခါ
အိမ်ဆိုတာလဲ နေဒဏ်မိုးဒဏ်ခံနိုင်ရုံကလွဲလို့
ဘယ်လောက် ကောင်းကောင်း ရင်ငွေ့မလုံပါဘူး
ညတိုင်းယောင်ယောင်ပြီး ပြောတတ်တဲ့ အဖေ့စကားသံ
ညအိပ်ချိန်နဲ့ အရုဏ်တက်ချိန်တိုင်း
ဘုရားဝတ်ပြုတတ်တဲ့ အမေ့ရဲ့ တရားသံ
မိုးလင်းမိုးချုပ် မရပ်မနား
အိပ်ယာထဲအထိ ဆော့ကစားနေတတ်တဲ့ ညီလေးတွေရဲ့ အသံ
နားထဲ အခါခါပြန်ကြား ယောင်ယမ်းပြီး ဘေးနားစမ်းမိတော့
နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဇနီးနဲ့သားကို တွေ့တိုင်း
သက်ပြင်းကို အခါခါချ
ကိုယ်တိုင် မိဘ ဘ၀ရောက်တော့မှ
သား သမီးနဲ့ ဝေးတဲ့ ဒုက္ခ
ငရဲကျတာထက်ပိုပြီး ခံစားရတယ်ဆိုတာ
နားလည်တတ်ခဲ့ပါပြီ အမေရယ်။ ။

မင်းနဒီခ

0 ဦးမှတ်ချက်ရေးထားသည်။:

Post a Comment