Sunday, May 13, 2012

မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ် မိတ်ဆက်ပွဲကျင်းပ




ဆရာ မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျစုစည်းမှု စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ၁၃.၅.၂၀၁၂ နှစ်တွင် ဆရာ မင်းနဒီခ၏ နေအိမ်ဖြစ်သော (၁၉) လမ်း (၈၉)လမ်းနှင့် လမ်း (၉၀) ကြားရှိ ကောင်းမြင့်စံ စတိုးဆိုင်ခြံဝင်းအတွင်း၌ နံနက် (၉) နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာ စိုးဘားဒိုင် မှတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့နောက် ဆရာ မောင်ကြည်သာ(တောင်တွင်း)၊ ဆရာနေမျိုး၊ ဆရာ မောင်စိုးသစ်၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) တို့မှ အမှာစကားပြောကြားပေးခဲ့ကြပြီးနောက် ဆရာ မင်းနဒီခ မှ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ်နှင့်ပတ်သတ်ပြီး ရှင်းလင်းတင်ပြခဲ့ကာ အခမ်းအနား ပထမပိုင်းအစီအစဉ် ကို နံနက် (၁၁) နာရီခန့်မှာ ခေတ္တရပ်နားခဲ့ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များကို ထမင်း၊ ဟင်းများဖြင့် ဧည့်ခံခဲ့ပါတယ်။
အခမ်းအနား ဒုတိယအစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များထဲမှ ကဗျာဆရာများဖြစ်ကြသော ဆရာ ကလင့်(မန္တလေး)၊ ဆရာ ထွန်းလင်းသစ် (ကန့်ဘလူ)၊ ဆရာ မောင်ဆွေသစ် (မန္တလေး)နှင့် ဆရာ ထွန်းလွင်သွယ် (ဆူးဖြူရိပ်) တို့မှ ဆရာ မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ်ထဲမှ မိမိတို့ စိတ်ကြိုက် ကဗျာများကို ရွေးချယ်ရွတ်ဆိုခဲ့ကြပါတယ်။ ထို့နောက် ဆရာ ဆွေနိုင် မှ ဆရာ မင်းနဒီခ ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှု စာအုပ်ထဲမှ ကဗျာတစ်ပုဒ်ဖြစ်သော မိသားစုကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးတစ်လုံးအကြောင်း ကဗျာကို ဂစ်တာဖြင့် ရွတ်ဆိုပြခဲ့ပြီး ညနေ (၃) နာရီခန့်တွင် အခမ်းအနားရုတ်သိမ်းခဲ့ပါတယ်။ ယခုပွဲကို မန္တလေးမြို့ရှိ စာရေးဆရာ၊ ကဗျာဆရာများ၊ သတင်းထောက်များ အပါအ၀င် ဧည့်သည်တော် (၈၀) ခန့်တက်ရောက်ခဲ့ကြပါတယ်။
ဆရာမင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်းကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲမှ အမှတ်တရပုံရိပ်အချို့



မင်းနဒီခ ဆရာကြီး ဒဂုန်တာရာ၏ အသက် ( ၉၃ ) နှစ်ပြည့်မွေးနေ့ပွဲတက်ရောက်

ဆရာကြီး ဒဂုန်တာရာ၏ အသက် (၉၃) နှစ်ပြည့်မွေးနေ့ပွဲကို အောင်ပန်းမြို့ မဟာဂန္ဓာ၈ုံကျောင်းတိုက်၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်သာနိုး နှင့် ဆရာ မောင်သင်းခိုင် တို့တက်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပျင်းမနား၊ ပြင်ဦးလွင် နှင့် ကျောက်ဆည်မြို့တို့မှ စာရေးဆရာ၊ ကဗျာဆရာများ အများဆုံးတက်ရောက်လာကြပါတယ်။ မြန်မာနိုင်ငံ စာရေးဆရာ၊ ကဗျာဆရာများ သမဂ္ဂ၊ အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆရာများအသင်းမှ ကဗျာဆရာများနှင့် အထက်မြန်မာပြည် စာရေးဆရာများအသင်းမှ စာရေးဆရာများက သ၀ဏ်လွှာများဖတ်ကြားပြီး ဆရာကြီး ဒဂုန်တာရာအား ဂါရ၀ပြုခဲ့ကြပါသည်။
ဆရာကြီးဒဂုန်တာရာ၏ အသက်(၉၃) နှစ်ပြည့်မွေးနေ့ပွဲမှ အမှတ်တရ ပုံရိပ်အချို့



Sunday, May 6, 2012

ပိုးသားရောင် ပင်လယ်လမ်း ကဗျာစုစည်းမှု စာအုပ်ထွက်ပြီ။



ဆရာမင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှု စာအုပ်ထွက်ရှိပါပြီ။ ကဗျာ ပုဒ်ရေ ( ၆၄ ) ပုဒ်ပါဝင်ပြီး၊ ဆရာ နေမျိုး မှ အမှာစာရေးသားပေးထားပါတယ်။ ကြယ်နီ စာအုပ်တိုက်မှ ရိုက်နှိပ်ဖြန့်ချိထားပါတယ်။

တည်ရှိခြင်းအကြောင်း

အမေသီချင်းကို အကျယ်ဆုံးတီးဖို့ ဘယ်ကီးနဲ့ ဆိုရမလဲ
အမေကဗျာကို ပီအောင်ဖွဲ့ဖို့ ဘယ်ဘာသာစကားနဲ့ ရေးရမလဲ
အမေရုပ်ရှင် သရုပ်ပီပြင်ဖို့ ဘယ်ဇာတ်ညွန်းနဲ့ ရိုက်ရမလဲ
အမေပန်းချီကား သက်ဝင်ထင်ရှားဖို့ ဘယ်ဆေးနဲ့ ခြယ်ရမလဲ
အမေပန်းပု ပီအောင်ထုဆစ်ဖို့ ဘယ်ဆောက်နဲ့ ထွင်းရမလဲ
ခေတ်အဆက်ဆက် အမေ့အကြောင်း
ဆိုလိုက်တဲ့သီချင်း
ရေးလိုက်တဲ့ ကဗျာ
ရိုက်လိုက်တဲ့ ရုပ်ရှင်
ဆွဲလိုက်တဲ့ ပန်းချီကား
ထုလိုက်တဲ့ပန်းပု
ဘယ်အရာကများ အမေလို့ တူအောင် တုပနိုင်ခဲ့သလဲ
သက်ရှိတွေရှိသမျှ အမေတွေ ရှိနေမယ်
အမေတွေ ရှိနေသမျှ သက်ရှိတွေရှိနေမယ်
အမေဟာ ကမ္ဘာဦးကို ဖန်ဆင်းခဲ့တဲ့ အနန္တမေတ္တာရှင်တပါး
အမေ့စကားဟာ ခွန်အား အမေ့စကားဟာ တရား
အမေ့ရင်ခွင်ကြားမှာ
အမှောင်အားလုံး ထွန်းလင်းစေ
အရာအားလုံးငြိမ်းချမ်းစေ
ကမ္ဘာတည်သရွေ့ အမေရှင်သန်နေတယ် အမေ

မင်းနဒီခ

မြစ်နှစ်စင်း ချစ်ခြင်းပင်လယ်

မလွမ်းဘူးလားမေးတော့ လွမ်းတယ်
ရောက်သလား မေးတော့ မရောက်ဘူး
သံယောဇဉ်မြစ်နှစ်စင်းကြားမှာဘ၀က တံငါလှေကလေးတစ်စင်း
ရေစီးတစ်ခါ ရေသာတစ်လှည့်နဲ့ဗေဒါမ ကမ်းကပ်ခဲ့ရသလို
ကျွန်တော်လည်း မျောခဲ့ရ
သဘာဝတရားကလည်းသောင်ခဏခဏထွန်းပြတယ် အမေ
ဒါပေမဲ့ အမေ
အလွမ်းတွေ ခဏပြန်သိမ်းပါဦး
မျက်ရည်တွေ သုတ်ပါဦး
ခွာညိုပွင့်ပြီ တစ်ဆောင်းသစ်ပြီ
သံယောဇဉ်မြစ်နှစ်စင်းကြားက အမေ့သားတံငါလှေကလေး
ဒီတစ်ခါ အမေနေ့မှာ အမေ့ကို ကဗျာနဲ့ ကန်တော့ဖို့
ချစ်ခြင်းတွေ ပင်လယ်တစ်ခုစာ ပွေ့ပိုက်လို့
အမေရှိတဲ့ကမ်း ရောက်အောင်လှမ်းခဲ့မယ်
ရောက်အောင်လှမ်းခဲ့ပါ့မယ် အမေ။

မင်းနဒီခ

နေ၊ လ နဲ့ ကမ္ဘာ

သတိရတိုင်းထုတ်ကြည့်ဖြစ်တယ် မိသားစုဓါတ်ပုံလေး
အဖေနဲ့ အမေက အလယ်မှာ
အဖေ့ဘေးမှာ ကျွန်တော်နဲ့ ညီလေးတစ်ယောက်
အမေ့ဘေးမှာ ညီငယ်နှစ်ယောက်
သားလေးယောက်မှာ ဘယ်တစ်ယောက်မှ အမေ့ရင်ကို မီးမတောက်စေခဲ့ပေမဲ့
အတောင်အလက်တွေစုံလို့ ဆံထုံးနောက် သျှောင်တွေပါ
အချိန်တန်လို့ တစ်ယောက်တစ်လမ်းစီ ခွဲခွာ
အမေရယ် တစ်ယောက်တည်း ယောင် ယောင်ပြီး နိုးလာတဲ့ညတွေမှာ
သားကြီးရေ သားငယ်ရေဆိုပြီး ရှာများ ရှာနေမလား
ဒီအချိန်ဆို သားကြီးအိမ်ပြန်လာနေကျ
ဒီအချိန်ဆို သားငယ်တွေ ဆော့ကစားနေကျလို့
အတိတ်ကို ပြန်လွမ်းရင်း အိမ်တံခါးဝမှာ ထိုင်ပြီးငေးနေမလား
ခွင့်လွှတ်ပါ အမေရယ် အမေနဲ့ ဝေးနဲ့အခါ
အိမ်ဆိုတာလဲ နေဒဏ်မိုးဒဏ်ခံနိုင်ရုံကလွဲလို့
ဘယ်လောက် ကောင်းကောင်း ရင်ငွေ့မလုံပါဘူး
ညတိုင်းယောင်ယောင်ပြီး ပြောတတ်တဲ့ အဖေ့စကားသံ
ညအိပ်ချိန်နဲ့ အရုဏ်တက်ချိန်တိုင်း
ဘုရားဝတ်ပြုတတ်တဲ့ အမေ့ရဲ့ တရားသံ
မိုးလင်းမိုးချုပ် မရပ်မနား
အိပ်ယာထဲအထိ ဆော့ကစားနေတတ်တဲ့ ညီလေးတွေရဲ့ အသံ
နားထဲ အခါခါပြန်ကြား ယောင်ယမ်းပြီး ဘေးနားစမ်းမိတော့
နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဇနီးနဲ့သားကို တွေ့တိုင်း
သက်ပြင်းကို အခါခါချ
ကိုယ်တိုင် မိဘ ဘ၀ရောက်တော့မှ
သား သမီးနဲ့ ဝေးတဲ့ ဒုက္ခ
ငရဲကျတာထက်ပိုပြီး ခံစားရတယ်ဆိုတာ
နားလည်တတ်ခဲ့ပါပြီ အမေရယ်။ ။

မင်းနဒီခ

နေ၀င်ချိန်

မှားယွင်းမှုနေကြားခရီးသွားရင်း
ကျွန်တော်ရဲ့ နေ၀င်ချိန်ကိုမော့ကြည့်လိုက်တဲ့အခါ
ဆည်းဆာဟာ အရောင်ဖျော့ဖျော့ပဲ ကျန်တော့တယ်။

အိပ်တန်းပြန်မယ့် ငှက်တစ်ချို့ရဲ့ တောင်ပံခတ်သံဟာ
အသက်ရှင်ခြင်းရဲ့ နောက်ဆုံးရှိုက်သံလိုမျိုး
ကြားရတာတောင် တုန်ရီလှိုက်မောလို့။

ဒီအချိန်မှာ
ဘာတစ်ခုမှ မတောင့်တတော့ပါဘူး
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီမို့
လုပ်သင့်တာတွေ အားလုံးအတွက်
နောင်တတစ်ခုတော့ချန်ထားခဲ့ပါရစေ။

အမေ
နောက်ဆုံးတစ်ခေါက်ခွင့်လွှတ်ပေးပါဦး
ဟိုးငယ်ငယ်တုန်းကလို
ကျွန်တော်အိပ်ပျော်လို့ မဆုံးခင်အချိန်လေး
ခိုဖြူ ခိုဝါ သားချော့တေးနဲ့
ညင်သာစွာ သားနဖူးထက်
မွှေးသိပ်လှည့်ပါလား အမေ။ ။

မင်းနဒီခ

အိမ်အပြန်

အမေ
လမ်းတလျှောက် အလွမ်းတွေပြန်ကောက်ရင်း
အမေရှိရာ ပြန်ခဲ့ပြီ
အမေ့ကို လွမ်းလို့ကျတဲ့မျက်ရည်က မိုးစက်
သားကို လွမ်းလို့ကျတဲ့ အမေ့ရဲ့ မျက်ရည်က ပင်လယ်
မေတ္တာတရားမဲ့တဲ့ နယ်ပယ်မှာ
ပိုးဖလံလေးလို နေထိုင်ရင်း
မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့ အမေ့အိမ်လေးကို
ရင်ရိပ်ဝေးမှ တမ်းတရတာ ရင်နာစရာ
မာနမှာ ယုံကြည်ရာ ထုဆစ်
ကိုယ့်သမိုင်းကို ကိုယ်သစ်ဖို့
အတ္တပေါ် ကိုယ့်ကိုယ် ကိုယ် လေးတင်ပစ်ခဲ့
လေနှင်ရာ လွင့်ခဲ့တဲ့ နေ့များ
အမေ ဖုံးကွယ်ထားတဲ့ လက်ချောင်းတွေကြားက
လောကကြီးကို ခိုးကြည့်ရတာ မှောင်လွန်းတယ်
ယုံကြည်ပါတယ် အမေ
ပြန်လာမယ် အသေအချာ မသိပေမယ့်
လာမယ်ဆို အိပ်မက်အတွေးတွေနဲ့
အမေ့ ရင်ခွင်က ထာဝရဖွင့်ထားတဲ့ တံခါးလေးဆီ
လမ်းတလျှောက် အလွမ်းတွေ ပြန်ကောက်ရင်း
သား ပြန်လာခဲ့ပါပြီ အမေ။ ။

မင်းနဒီခ

Friday, April 20, 2012

ပွင့်တူရွက်တူ

သံယောဇဉ်နှစ်ဖက်ကမ်း
နားလည်မှုတံတားနဲ့ ဖြတ်သန်း
အကြင်နာလမ်းဖြစ်စေ

ယုံကြည်စွာလျှောက်ခဲ့လမ်း
ဘာလာလာ ခွဲမရစတမ်း
တွဲလက်တွေ ခိုင်မြဲစေ

ရက်လ နှစ်ရှည်
နှောင်ကြိုးတွေ ထပ်ဆင့်ကမ်း
အခန်းဆက်အနမ်းနဲ့ အချစ်သစ်ဝေ
တစ်ယောက်ဖူးရင် တစ်ယောက်ပွင့်လို့
တစ်ယောက်လန်းရင် တစ်ယောက်က နမ်းလို့
ပျော်ရွှင်ခြင်းပန်းတစ်ခင်း
ချစ်ခြင်းဖြင့်စိမ်းလန်းစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ချစ်သူရေ
သံသယတိမ်တိုက်တွေကို နားလည်မှုနဲ့ ဖယ်ရှား
ဝမ်းနည်းမိုးသားတွေကို ဖြေသိမ့်ခြင်းလေပြေနဲ့ တွန်းထုတ်
လောကဓံတရားကို ရဲရဲရင်ဆိုင်လက်တွဲထား
အပြာရောင်နောက်ခံချစ်ခြင်းတရားမှာ
ရိုးသားဖြူစင်တဲ့ တိမ်တိုက်တွေသာရှိပါစေ

ချစ်သူရေ
ချစ်ခြင်းတရားဟာ အဆုံးမဲ့ကောင်းကင်
မြတ်နိုးမှုဟာ ရေတွက်မကုန်နိုင်တဲ့ ကြယ်စင်များ
ကမ္ဘာတည်မဲ့ သစ္စာတရားဟာ
တို့နှစ်ယောက်ကြားမှာ နေရောင်လို ထွန်းလင်းစေ
လရောင်လို အေးမြစေ

ချစ်သူရေ
ဤမှန်သော သစ္စာစကားနဲ့
ဆုတောင်းတိုင်းလည်း ပြည့်ပါရစေ
ကြယ်တွေကို ကြိုးနဲ့သီ
ကောင်းကင်ကို ဖြန့်ခင်း
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်နဲ့
မင်းခြေတော်ရင်းမှာ ခစား
ဘ၀ဆက်တိုင်း မင်းအပါးတော်မြဲဖြစ်ပါရစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အနမ်း

တစ်ဘ၀စာအနမ်းလား
တစ်ခဏတာအနမ်းလား
အချစ်ချင်းတူရင် အလွမ်းချင်းတူလို့
အလွမ်းချင်းတူရင် အနမ်းချင်းလည်း တူရမှာပေါ့
အခုတော့
ဖေဖော်ဝါရီ ၁၄ လမ်းဟာ
ကိုလံဘီယာက ပို့လိုက်တဲ့နှင်းဆီရနံ့တွေနဲ့ သင်းပျံ့လို့
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ဟာ
တစ်ခန်းပြီး တစ်ခန်း အနမ်းချင်းဆက်လို့
ဖေဖော်ဝါရီ ၁၄ သစ်ပင်ဟာ
ဘယ်ပန်းပွင့်ပွင့် မွှေးမြလို့
ဖေဖော်ဝါရီ ၁၄ အင်္ကျီဟာ
နွေးထွေးလုံခြုံလှပလို့
ချစ်သူရေ
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ကြည့်ဖို့
ဖေဖော်ဝါရီ ၁၄ လမ်းက
ဖေဖော်ဝါရီ ၁၄ သစ်ပင်အောက်မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျီကိုဝတ်ပြီး စောင့်ပါ
မကြာခင်မှာ
ဖေဖော်ဝါရီ ၁၄ အနမ်းတွေ မိုးလိုရွာလိမ့်မယ်

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အင်္ကျင်္င်္ီ

သူတော်စင်စိန့်ဗယ်လင်တိုင်း ကိုယ်တိုင်ချုပ်ပေးခဲ့အင်္ကျင်္ီ
သံယောဇဉ်အပ်ချည်ကြိုးတွေနဲ့
နားလည်မှုကြယ်သီးတွေနဲ့
ပျော်ရွှင်ခြင်းအိပ်ကပ်တွေနဲ့
ထောင်လွှားတတ်တဲ့မာနကိုတော့
ကော်လံတစ်ခုလို သေသေသပ်သပ်ခေါက်လို့
နှစ်ခြမ်းကွဲနေတဲ့ ရင်ဘတ်တွေကို ပြန်စေ့ပေးဖို့
အေးစက်နေတဲ့နှလုံးသားတစ်စုံကို နွေးထွေးစေဖို့
အကာအကွယ်မဲ့နေတဲ့ ရင်တစ်စုံကို လုံခြုံမှုတွေပေးဖို့
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျင်္ီလေးကို ၀တ်ဆင်ရင်း
ချစ်သူ ရယ်မော ပျော်ရွှင် နိုင်ပါစေ
ချစ်သူ လုံခြုံနွေးထွေးနိုင်ပါစေ
ချစ်သူ သာယာကြည်နူးနိုင်ပါစေ


မင်းနဒီခ

မိုး

မျက်ဝန်းတွေ စွတ်စွတ်စိုနေပေမဲ့
တနင်္ဂနွေမိုးတိမ်က ဘယ်လိုခြိမ်း ခြိမ်းမရွာဘူး
မျှော်လေတိုင်း အခါလွန်ကောင်းကင်
ပက်ကြားအက်ရင်တစ်စုံရဲ့ တခုတ်တရ သတိရခြင်းများ
စောင့်စားခြင်းဆိုတာ
ဆာဟာရရဲ့ တစ်ခုတည်းသော အိုအေစစ်လေးတစ်ခုပေါ့
ငါ့ရဲ့ မြေသင်းရနံ့လေးရေ
မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲကွယ်
အဲဒီလိုအလွမ်းနဲ့ တိတ်ဆိတ်စွာ ငါအော်တယ်
ချစ်ခြင်းတရားကို ဘယ်လိုပင်လယ်နဲ့ အငွေ့ပျံပြနေရဦးမှာလဲ
ရွက်ကြွေလမ်းရဲ့ နာနာကျင်ကျင်ရယ်သံတွေကြားမှာ
ဒီနေ့
ငါနှုတ်ခမ်းတွေ ခြောက်သွေ့လွန်းခဲ့တယ်

မင်းနဒီခ

ချိုမြိန်တဲ့ဒဏ်ရာ

ဘယ်တော့ပြန်လာမှာလဲကွယ်
မင်းအတွက်ခူးထားတဲ့ ပန်းလေးတွေ ညှိုးနွမ်းမသွားသေးချိန်
အလွမ်းနဲ့ ပြန်ညှိထားတဲ့ ဂစ်တာတစ်လက်ရဲ့
မင်းနာမည်တဖွဖွခေါ်သံလေး ကြိုးပြတ်မသွားသေးချိန်
မင်းအရိပ် မင်းအရောင်နဲ့ လင်းနေတဲ့ညလေး မှေးမှိန်မသွားသေးချိန်
ဘယ်တော့ပြန်လာမှာလဲကွယ်
နရံတံတိုင်းတွေ အထပ်ထပ်နဲ့ ဝေးကွားဖို့ပဲ နီးစပ်ခဲ့
နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရုန်းထွက်ဖို့ပဲ ချည်နှောင်ခဲ့
ဘယ်လိုရက်စက်မှုမျိုးက မင်းနှုတ်ခမ်းကို ချိုမြိန်စေခဲ့သလဲ
ဘယ်တော့ပြန်လာမှာလဲကွယ်
အသွေးအသားထဲ စိမ့်ဝင်နေတဲက သတိရခြင်းကို ကုစားဖို့
စစ်ရှုံးနေတဲ့ တောင်ကုန်းကို ပန်းနုရောင် အလံတစ်လက်လွင့်ထူဖို့
ခြောက်သွေ့နေတဲ့ ချစ်ခြင်းတရားကို ရေလောင်းပေါင်းသင်ပေးဖို့
ပြန့်ကျဲနေတဲ့ ငါ့ဘ၀ကို
စက်ဝိုင်းတစ်ဝိုင်းလို လှလှပပအနားသတ်ပေးဖို့
ဘယ်တော့ပြန်လာမှာလဲကွယ်
စောင့်ရခြင်းဟာ သွေးမထွက်တဲ့ဒဏ်ရာတစ်ခုလိုပါပဲ
တစ်စထက်တစ်စ တိုးဝင်လှိုက်စားလို့။
မင်းနဒီခ

အ၀ါရောင်သစ္စာ

မမြင်ခင်ကတည်းက
စိတ်ကူးထဲ လှပနေတဲ့အ၀ါ
မပွင့်ခင်ကတည်းက
တစ်ပင်လုံး ဆွတ်ပျံ့နေတဲ့ ရနံ့အ၀ါ
သစ္စာတရားနဲ့ ယှက်ဖောက်ချိတ်ဆွဲထားသော ပန်းများ။

အဘိုးက အဘွားကို ပန်ပေးခဲ့တဲ့ အ၀ါ
အဖေက အမေ့ကို ခူးပေးခဲ့တဲ့ အ၀ါ
မေတ္တာတရားနဲ့ ထုဆစ်ပုံဖော်ထားသော ပန်းများ။

ဟော အခု တဒေါက်ဒေါက် နဲ့
အိမ်အပြင်က ပိတောက်
ကျွန်တော့် ရင်ကို တံခါးခေါက်နေပြီ။

မင်းနဒီခ
Shwe Mandalay Journal