Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, May 6, 2012

တည်ရှိခြင်းအကြောင်း

အမေသီချင်းကို အကျယ်ဆုံးတီးဖို့ ဘယ်ကီးနဲ့ ဆိုရမလဲ
အမေကဗျာကို ပီအောင်ဖွဲ့ဖို့ ဘယ်ဘာသာစကားနဲ့ ရေးရမလဲ
အမေရုပ်ရှင် သရုပ်ပီပြင်ဖို့ ဘယ်ဇာတ်ညွန်းနဲ့ ရိုက်ရမလဲ
အမေပန်းချီကား သက်ဝင်ထင်ရှားဖို့ ဘယ်ဆေးနဲ့ ခြယ်ရမလဲ
အမေပန်းပု ပီအောင်ထုဆစ်ဖို့ ဘယ်ဆောက်နဲ့ ထွင်းရမလဲ
ခေတ်အဆက်ဆက် အမေ့အကြောင်း
ဆိုလိုက်တဲ့သီချင်း
ရေးလိုက်တဲ့ ကဗျာ
ရိုက်လိုက်တဲ့ ရုပ်ရှင်
ဆွဲလိုက်တဲ့ ပန်းချီကား
ထုလိုက်တဲ့ပန်းပု
ဘယ်အရာကများ အမေလို့ တူအောင် တုပနိုင်ခဲ့သလဲ
သက်ရှိတွေရှိသမျှ အမေတွေ ရှိနေမယ်
အမေတွေ ရှိနေသမျှ သက်ရှိတွေရှိနေမယ်
အမေဟာ ကမ္ဘာဦးကို ဖန်ဆင်းခဲ့တဲ့ အနန္တမေတ္တာရှင်တပါး
အမေ့စကားဟာ ခွန်အား အမေ့စကားဟာ တရား
အမေ့ရင်ခွင်ကြားမှာ
အမှောင်အားလုံး ထွန်းလင်းစေ
အရာအားလုံးငြိမ်းချမ်းစေ
ကမ္ဘာတည်သရွေ့ အမေရှင်သန်နေတယ် အမေ

မင်းနဒီခ

မြစ်နှစ်စင်း ချစ်ခြင်းပင်လယ်

မလွမ်းဘူးလားမေးတော့ လွမ်းတယ်
ရောက်သလား မေးတော့ မရောက်ဘူး
သံယောဇဉ်မြစ်နှစ်စင်းကြားမှာဘ၀က တံငါလှေကလေးတစ်စင်း
ရေစီးတစ်ခါ ရေသာတစ်လှည့်နဲ့ဗေဒါမ ကမ်းကပ်ခဲ့ရသလို
ကျွန်တော်လည်း မျောခဲ့ရ
သဘာဝတရားကလည်းသောင်ခဏခဏထွန်းပြတယ် အမေ
ဒါပေမဲ့ အမေ
အလွမ်းတွေ ခဏပြန်သိမ်းပါဦး
မျက်ရည်တွေ သုတ်ပါဦး
ခွာညိုပွင့်ပြီ တစ်ဆောင်းသစ်ပြီ
သံယောဇဉ်မြစ်နှစ်စင်းကြားက အမေ့သားတံငါလှေကလေး
ဒီတစ်ခါ အမေနေ့မှာ အမေ့ကို ကဗျာနဲ့ ကန်တော့ဖို့
ချစ်ခြင်းတွေ ပင်လယ်တစ်ခုစာ ပွေ့ပိုက်လို့
အမေရှိတဲ့ကမ်း ရောက်အောင်လှမ်းခဲ့မယ်
ရောက်အောင်လှမ်းခဲ့ပါ့မယ် အမေ။

မင်းနဒီခ

နေ၊ လ နဲ့ ကမ္ဘာ

သတိရတိုင်းထုတ်ကြည့်ဖြစ်တယ် မိသားစုဓါတ်ပုံလေး
အဖေနဲ့ အမေက အလယ်မှာ
အဖေ့ဘေးမှာ ကျွန်တော်နဲ့ ညီလေးတစ်ယောက်
အမေ့ဘေးမှာ ညီငယ်နှစ်ယောက်
သားလေးယောက်မှာ ဘယ်တစ်ယောက်မှ အမေ့ရင်ကို မီးမတောက်စေခဲ့ပေမဲ့
အတောင်အလက်တွေစုံလို့ ဆံထုံးနောက် သျှောင်တွေပါ
အချိန်တန်လို့ တစ်ယောက်တစ်လမ်းစီ ခွဲခွာ
အမေရယ် တစ်ယောက်တည်း ယောင် ယောင်ပြီး နိုးလာတဲ့ညတွေမှာ
သားကြီးရေ သားငယ်ရေဆိုပြီး ရှာများ ရှာနေမလား
ဒီအချိန်ဆို သားကြီးအိမ်ပြန်လာနေကျ
ဒီအချိန်ဆို သားငယ်တွေ ဆော့ကစားနေကျလို့
အတိတ်ကို ပြန်လွမ်းရင်း အိမ်တံခါးဝမှာ ထိုင်ပြီးငေးနေမလား
ခွင့်လွှတ်ပါ အမေရယ် အမေနဲ့ ဝေးနဲ့အခါ
အိမ်ဆိုတာလဲ နေဒဏ်မိုးဒဏ်ခံနိုင်ရုံကလွဲလို့
ဘယ်လောက် ကောင်းကောင်း ရင်ငွေ့မလုံပါဘူး
ညတိုင်းယောင်ယောင်ပြီး ပြောတတ်တဲ့ အဖေ့စကားသံ
ညအိပ်ချိန်နဲ့ အရုဏ်တက်ချိန်တိုင်း
ဘုရားဝတ်ပြုတတ်တဲ့ အမေ့ရဲ့ တရားသံ
မိုးလင်းမိုးချုပ် မရပ်မနား
အိပ်ယာထဲအထိ ဆော့ကစားနေတတ်တဲ့ ညီလေးတွေရဲ့ အသံ
နားထဲ အခါခါပြန်ကြား ယောင်ယမ်းပြီး ဘေးနားစမ်းမိတော့
နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဇနီးနဲ့သားကို တွေ့တိုင်း
သက်ပြင်းကို အခါခါချ
ကိုယ်တိုင် မိဘ ဘ၀ရောက်တော့မှ
သား သမီးနဲ့ ဝေးတဲ့ ဒုက္ခ
ငရဲကျတာထက်ပိုပြီး ခံစားရတယ်ဆိုတာ
နားလည်တတ်ခဲ့ပါပြီ အမေရယ်။ ။

မင်းနဒီခ

နေ၀င်ချိန်

မှားယွင်းမှုနေကြားခရီးသွားရင်း
ကျွန်တော်ရဲ့ နေ၀င်ချိန်ကိုမော့ကြည့်လိုက်တဲ့အခါ
ဆည်းဆာဟာ အရောင်ဖျော့ဖျော့ပဲ ကျန်တော့တယ်။

အိပ်တန်းပြန်မယ့် ငှက်တစ်ချို့ရဲ့ တောင်ပံခတ်သံဟာ
အသက်ရှင်ခြင်းရဲ့ နောက်ဆုံးရှိုက်သံလိုမျိုး
ကြားရတာတောင် တုန်ရီလှိုက်မောလို့။

ဒီအချိန်မှာ
ဘာတစ်ခုမှ မတောင့်တတော့ပါဘူး
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီမို့
လုပ်သင့်တာတွေ အားလုံးအတွက်
နောင်တတစ်ခုတော့ချန်ထားခဲ့ပါရစေ။

အမေ
နောက်ဆုံးတစ်ခေါက်ခွင့်လွှတ်ပေးပါဦး
ဟိုးငယ်ငယ်တုန်းကလို
ကျွန်တော်အိပ်ပျော်လို့ မဆုံးခင်အချိန်လေး
ခိုဖြူ ခိုဝါ သားချော့တေးနဲ့
ညင်သာစွာ သားနဖူးထက်
မွှေးသိပ်လှည့်ပါလား အမေ။ ။

မင်းနဒီခ

အိမ်အပြန်

အမေ
လမ်းတလျှောက် အလွမ်းတွေပြန်ကောက်ရင်း
အမေရှိရာ ပြန်ခဲ့ပြီ
အမေ့ကို လွမ်းလို့ကျတဲ့မျက်ရည်က မိုးစက်
သားကို လွမ်းလို့ကျတဲ့ အမေ့ရဲ့ မျက်ရည်က ပင်လယ်
မေတ္တာတရားမဲ့တဲ့ နယ်ပယ်မှာ
ပိုးဖလံလေးလို နေထိုင်ရင်း
မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့ အမေ့အိမ်လေးကို
ရင်ရိပ်ဝေးမှ တမ်းတရတာ ရင်နာစရာ
မာနမှာ ယုံကြည်ရာ ထုဆစ်
ကိုယ့်သမိုင်းကို ကိုယ်သစ်ဖို့
အတ္တပေါ် ကိုယ့်ကိုယ် ကိုယ် လေးတင်ပစ်ခဲ့
လေနှင်ရာ လွင့်ခဲ့တဲ့ နေ့များ
အမေ ဖုံးကွယ်ထားတဲ့ လက်ချောင်းတွေကြားက
လောကကြီးကို ခိုးကြည့်ရတာ မှောင်လွန်းတယ်
ယုံကြည်ပါတယ် အမေ
ပြန်လာမယ် အသေအချာ မသိပေမယ့်
လာမယ်ဆို အိပ်မက်အတွေးတွေနဲ့
အမေ့ ရင်ခွင်က ထာဝရဖွင့်ထားတဲ့ တံခါးလေးဆီ
လမ်းတလျှောက် အလွမ်းတွေ ပြန်ကောက်ရင်း
သား ပြန်လာခဲ့ပါပြီ အမေ။ ။

မင်းနဒီခ

Friday, April 20, 2012

ပွင့်တူရွက်တူ

သံယောဇဉ်နှစ်ဖက်ကမ်း
နားလည်မှုတံတားနဲ့ ဖြတ်သန်း
အကြင်နာလမ်းဖြစ်စေ

ယုံကြည်စွာလျှောက်ခဲ့လမ်း
ဘာလာလာ ခွဲမရစတမ်း
တွဲလက်တွေ ခိုင်မြဲစေ

ရက်လ နှစ်ရှည်
နှောင်ကြိုးတွေ ထပ်ဆင့်ကမ်း
အခန်းဆက်အနမ်းနဲ့ အချစ်သစ်ဝေ
တစ်ယောက်ဖူးရင် တစ်ယောက်ပွင့်လို့
တစ်ယောက်လန်းရင် တစ်ယောက်က နမ်းလို့
ပျော်ရွှင်ခြင်းပန်းတစ်ခင်း
ချစ်ခြင်းဖြင့်စိမ်းလန်းစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ချစ်သူရေ
သံသယတိမ်တိုက်တွေကို နားလည်မှုနဲ့ ဖယ်ရှား
ဝမ်းနည်းမိုးသားတွေကို ဖြေသိမ့်ခြင်းလေပြေနဲ့ တွန်းထုတ်
လောကဓံတရားကို ရဲရဲရင်ဆိုင်လက်တွဲထား
အပြာရောင်နောက်ခံချစ်ခြင်းတရားမှာ
ရိုးသားဖြူစင်တဲ့ တိမ်တိုက်တွေသာရှိပါစေ

ချစ်သူရေ
ချစ်ခြင်းတရားဟာ အဆုံးမဲ့ကောင်းကင်
မြတ်နိုးမှုဟာ ရေတွက်မကုန်နိုင်တဲ့ ကြယ်စင်များ
ကမ္ဘာတည်မဲ့ သစ္စာတရားဟာ
တို့နှစ်ယောက်ကြားမှာ နေရောင်လို ထွန်းလင်းစေ
လရောင်လို အေးမြစေ

ချစ်သူရေ
ဤမှန်သော သစ္စာစကားနဲ့
ဆုတောင်းတိုင်းလည်း ပြည့်ပါရစေ
ကြယ်တွေကို ကြိုးနဲ့သီ
ကောင်းကင်ကို ဖြန့်ခင်း
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်နဲ့
မင်းခြေတော်ရင်းမှာ ခစား
ဘ၀ဆက်တိုင်း မင်းအပါးတော်မြဲဖြစ်ပါရစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အနမ်း

တစ်ဘ၀စာအနမ်းလား
တစ်ခဏတာအနမ်းလား
အချစ်ချင်းတူရင် အလွမ်းချင်းတူလို့
အလွမ်းချင်းတူရင် အနမ်းချင်းလည်း တူရမှာပေါ့
အခုတော့
ဖေဖော်ဝါရီ ၁၄ လမ်းဟာ
ကိုလံဘီယာက ပို့လိုက်တဲ့နှင်းဆီရနံ့တွေနဲ့ သင်းပျံ့လို့
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ဟာ
တစ်ခန်းပြီး တစ်ခန်း အနမ်းချင်းဆက်လို့
ဖေဖော်ဝါရီ ၁၄ သစ်ပင်ဟာ
ဘယ်ပန်းပွင့်ပွင့် မွှေးမြလို့
ဖေဖော်ဝါရီ ၁၄ အင်္ကျီဟာ
နွေးထွေးလုံခြုံလှပလို့
ချစ်သူရေ
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ကြည့်ဖို့
ဖေဖော်ဝါရီ ၁၄ လမ်းက
ဖေဖော်ဝါရီ ၁၄ သစ်ပင်အောက်မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျီကိုဝတ်ပြီး စောင့်ပါ
မကြာခင်မှာ
ဖေဖော်ဝါရီ ၁၄ အနမ်းတွေ မိုးလိုရွာလိမ့်မယ်

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အင်္ကျင်္င်္ီ

သူတော်စင်စိန့်ဗယ်လင်တိုင်း ကိုယ်တိုင်ချုပ်ပေးခဲ့အင်္ကျင်္ီ
သံယောဇဉ်အပ်ချည်ကြိုးတွေနဲ့
နားလည်မှုကြယ်သီးတွေနဲ့
ပျော်ရွှင်ခြင်းအိပ်ကပ်တွေနဲ့
ထောင်လွှားတတ်တဲ့မာနကိုတော့
ကော်လံတစ်ခုလို သေသေသပ်သပ်ခေါက်လို့
နှစ်ခြမ်းကွဲနေတဲ့ ရင်ဘတ်တွေကို ပြန်စေ့ပေးဖို့
အေးစက်နေတဲ့နှလုံးသားတစ်စုံကို နွေးထွေးစေဖို့
အကာအကွယ်မဲ့နေတဲ့ ရင်တစ်စုံကို လုံခြုံမှုတွေပေးဖို့
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျင်္ီလေးကို ၀တ်ဆင်ရင်း
ချစ်သူ ရယ်မော ပျော်ရွှင် နိုင်ပါစေ
ချစ်သူ လုံခြုံနွေးထွေးနိုင်ပါစေ
ချစ်သူ သာယာကြည်နူးနိုင်ပါစေ


မင်းနဒီခ

မိုး

မျက်ဝန်းတွေ စွတ်စွတ်စိုနေပေမဲ့
တနင်္ဂနွေမိုးတိမ်က ဘယ်လိုခြိမ်း ခြိမ်းမရွာဘူး
မျှော်လေတိုင်း အခါလွန်ကောင်းကင်
ပက်ကြားအက်ရင်တစ်စုံရဲ့ တခုတ်တရ သတိရခြင်းများ
စောင့်စားခြင်းဆိုတာ
ဆာဟာရရဲ့ တစ်ခုတည်းသော အိုအေစစ်လေးတစ်ခုပေါ့
ငါ့ရဲ့ မြေသင်းရနံ့လေးရေ
မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲကွယ်
အဲဒီလိုအလွမ်းနဲ့ တိတ်ဆိတ်စွာ ငါအော်တယ်
ချစ်ခြင်းတရားကို ဘယ်လိုပင်လယ်နဲ့ အငွေ့ပျံပြနေရဦးမှာလဲ
ရွက်ကြွေလမ်းရဲ့ နာနာကျင်ကျင်ရယ်သံတွေကြားမှာ
ဒီနေ့
ငါနှုတ်ခမ်းတွေ ခြောက်သွေ့လွန်းခဲ့တယ်

မင်းနဒီခ

ချိုမြိန်တဲ့ဒဏ်ရာ

ဘယ်တော့ပြန်လာမှာလဲကွယ်
မင်းအတွက်ခူးထားတဲ့ ပန်းလေးတွေ ညှိုးနွမ်းမသွားသေးချိန်
အလွမ်းနဲ့ ပြန်ညှိထားတဲ့ ဂစ်တာတစ်လက်ရဲ့
မင်းနာမည်တဖွဖွခေါ်သံလေး ကြိုးပြတ်မသွားသေးချိန်
မင်းအရိပ် မင်းအရောင်နဲ့ လင်းနေတဲ့ညလေး မှေးမှိန်မသွားသေးချိန်
ဘယ်တော့ပြန်လာမှာလဲကွယ်
နရံတံတိုင်းတွေ အထပ်ထပ်နဲ့ ဝေးကွားဖို့ပဲ နီးစပ်ခဲ့
နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရုန်းထွက်ဖို့ပဲ ချည်နှောင်ခဲ့
ဘယ်လိုရက်စက်မှုမျိုးက မင်းနှုတ်ခမ်းကို ချိုမြိန်စေခဲ့သလဲ
ဘယ်တော့ပြန်လာမှာလဲကွယ်
အသွေးအသားထဲ စိမ့်ဝင်နေတဲက သတိရခြင်းကို ကုစားဖို့
စစ်ရှုံးနေတဲ့ တောင်ကုန်းကို ပန်းနုရောင် အလံတစ်လက်လွင့်ထူဖို့
ခြောက်သွေ့နေတဲ့ ချစ်ခြင်းတရားကို ရေလောင်းပေါင်းသင်ပေးဖို့
ပြန့်ကျဲနေတဲ့ ငါ့ဘ၀ကို
စက်ဝိုင်းတစ်ဝိုင်းလို လှလှပပအနားသတ်ပေးဖို့
ဘယ်တော့ပြန်လာမှာလဲကွယ်
စောင့်ရခြင်းဟာ သွေးမထွက်တဲ့ဒဏ်ရာတစ်ခုလိုပါပဲ
တစ်စထက်တစ်စ တိုးဝင်လှိုက်စားလို့။
မင်းနဒီခ

အ၀ါရောင်သစ္စာ

မမြင်ခင်ကတည်းက
စိတ်ကူးထဲ လှပနေတဲ့အ၀ါ
မပွင့်ခင်ကတည်းက
တစ်ပင်လုံး ဆွတ်ပျံ့နေတဲ့ ရနံ့အ၀ါ
သစ္စာတရားနဲ့ ယှက်ဖောက်ချိတ်ဆွဲထားသော ပန်းများ။

အဘိုးက အဘွားကို ပန်ပေးခဲ့တဲ့ အ၀ါ
အဖေက အမေ့ကို ခူးပေးခဲ့တဲ့ အ၀ါ
မေတ္တာတရားနဲ့ ထုဆစ်ပုံဖော်ထားသော ပန်းများ။

ဟော အခု တဒေါက်ဒေါက် နဲ့
အိမ်အပြင်က ပိတောက်
ကျွန်တော့် ရင်ကို တံခါးခေါက်နေပြီ။

မင်းနဒီခ
Shwe Mandalay Journal

အချစ်အကြောင်းပြောတဲ့ည

ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
မြင်နိုင်တဲ့ အရပ်မှာပဲ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်နေရာစီ
ညီမလေးက နေထွက်ရာအရပ်ကို မျက်နှာမူပြီး
ကိုယ်က နေ၀င်ရာအရပ်ကို မျက်နှာမူတယ်
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဒီလိုအချိန်ဆို ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို ကြားနေကျ
ဒီလိုအချိန်ဆို ညီမလေးရဲ့ နှုတ်ခမ်းဖျားက နှင်းဆီရနံ့တွေကို ဖျားယောင်းခိုးယူနေကျ
နက်မှောင်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံနွယ်ချောင်းချောင်းတွေကြားမှာ
ကိုယ့်လက်ချောင်းတွေ ထိုးဖွဆော့ကစားမိတဲ့အခါ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ
ပြောသင့်တာအတွက် ပြောချင်တာကို မျိုသိပ်ကျိတ်မှိတ်ပေးခဲ့ရ
အချစ်နဲ့ ဘ၀ကို ညီမျှခြင်းချပြဖို့ သတ္တိမရှိခဲ့ရုံလေးနဲ့
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ညီမလေးအတွက်ရေးတဲ့ကဗျာ ကိုယ်ဘယ်သူ့ကို ဖတ်ပြရမလဲ
ညီမလေးကို ပြောချင်တဲ့စကား ကိုယ်ဘယ်သူ့ကို ကြားစေရမလဲ
တစ်ယောက်တစ်ကမ္ဘာစီ ဝေးနေရတာထက်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝေးနေရတာ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး

မင်းနဒီခ

နှောင်ကြိုးမဲ့

အမိုက်မဲဆုံးသော ရူးသွပ်မှုတွေနဲ့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်မထားစတမ်း
ကြိုးများကို ဖြည်ချလိုက်ပါ
အချစ်ဆိုတာ
ငါလျှောက်တဲ့လမ်းမှာ ၀င်တိုက်မိတဲ့ ခဲလေးတစ်လုံး
ဒါမှမဟုတ်
မင်းကန်ရေပြင်မှာ လှိုင်းထသွားတဲ့ ရေပွက်လေးတစ်ခု
အဲဒီအတိုင်းပဲပေါ့
ငါ့ကိုလွမ်းရင် ကြယ်ကိုကြည့်
ငါကလွမ်းရင် ကြယ်လို ကြွေမယ်
မဆုံနိုင်ခြင်းဆိုတာ
ငါတို့နှစ်ဦးရဲ့ နောက်ကျောက ရန်သူပါပဲ

မင်းနဒီခ

အထီးကျန်ဘူတာ

ခွဲခွာခြင်းဆိုတာ
ငါမကြားမိလိုက်တဲ့ ဥသြသံမှန်းသိခဲ့ရင်
ဒီအလံစိမ်းစိမ်းကို ငါထောင်မပြခဲ့ပါဘူး ချစ်သူ။

အခုတော့ အဲဒီရထားကြီးက
မင်းနဲ့ ငါ့ကို တစ်ဖက်စီထားပြီး
မဆုံနိုင်တော့မယ့် အမှတ်တစ်ခုဆီ ခရီးဆက်
ငါ့ကိုမှ သက်သက်မဲ့ လုပ်ကြံတယ်။

သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ခြားရုံနဲ့
ကိန္ဒရီ ကိန္ဒရာ ချောင်းခြားသလို
သွက်သွက်ခါအောင်ကျခဲ့ရတဲ့ မျက်ရည်စက်များ
နှုတ်ဆက်လက်ပြ
နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အနမ်းနေ့စွဲများ
အိုမိုဒီဂလီယာနီ ရဲ့ သတို့သားနဲ့ သတို့သမီးပန်းချီကားဆီက
တမင်သက်သက်လှောင်ရယ်ဟားတိုက်သံများ
တဖြည်းဖြည်းနဲ့ ငါ့အကြားအာရုံမှာ
ရထားဥသြသံဟာ ဝေး ဝေးသွားခဲ့
ငါကတော့
တိတ်တိတ်ဆိတ်ဆိတ်ကျန်ခဲ့တဲ့ ဘူတာရုံလေးတစ်ခုအဖြစ်နဲ့သာ။

မင်းနဒီခ

ပျားရည်ည

လရောင်က
ည၀တ်အင်္ကျီဖြူဖြူလေးထဲ
တဖြည်းဖြည်းတိုးဝင်စိမ့်သက်လို့
လေတိုးသံသဲ့သဲ့မှာ
တလှပ်လှပ်လှုပ်ခတ်သွားသော သစ်ရွက်ခြောက်ကလေးများ
နဖူးပေါ်က ဝေ့၀ဲလွင့်ခါနေတဲ့ ဆံနွယ်စလေးများ
မေးစေ့ချွန်ချွန်လေးထက်က
စံပယ်တင်မှဲ့နက်ကလေးရဲ့ ဖြားယောင်းသွေးဆောင်မှုများ
ပြတင်းပေါက်ကချောင်းကြည့်နေတဲ့ အလင်းမှာ
ကြယ်တစ်ချို့ရဲ့ ရယ်သံတလွင်လွင် ကြားတယ်
နံရံချိတ်ထားတဲ့ တိုင်ကပ်နာရီကတော့
ရှက်ရှက် ရှက်ရှက် နဲ့ ကျီစယ်လို့ ကောင်းနေဆဲ
တစ်နေကုန်တပ်ဆင်ထားတဲ့ အပြုံးတုဟာ
အခု ရင်သပ်ရှူမောဖွယ်သက်ပြင်းကို ခပ်မျှင်းမျှင်းချလိုက်ပြီ
ကပိုကရိုနဲ့ လှချင်တိုင်းလှနေတဲ့ည
နောက်ထပ်ရနိုင်ပါဦးမလား
ဟိုမှာ သတို့သမီး အိပ်ပျော်တော့မယ်။

မင်းနဒီခ
Fashion Image Magazine

ဖေဖော်ဝါရီ ၁၄ လမ်း

တယုတယထုပ်ပိုးထားတဲ့ ချောကလက်တစ်ထောင့်မှာ
ချစ်ခြင်းတရားက ဘယ်လိုအရသာနဲ့ ပျော်ဝင်နေသလဲ
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ငါ့အခန်းထဲ
ပြန့်ကျဲနေတဲ့ ပိုင်ရှင်မဲ့ ပို့စကဒ်တွေ
အကြိမ်ကြိမ် ချိန်းဆိုပြီး အကြိမ်ကြိမ် လွဲချော်ထားတဲ့နေ့စွဲတွေ
နွေကြိုတေးနဲ့ ချော့သိပ်လိုက်ရတဲ့ အိပ်မက်တွေ
အဲဒီလို နေ့စဉ်ရက်ဆက် ကြေကွဲခြင်းများ
ငါ့ရဲ့ဗုဒ္ဓဟူးနံလေးရေ
အနမ်းဆိုတာ
သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေတစ်မျိုးပဲပေါ့
နီးနီးဝေးဝေး ငါ့နှလုံးသားကို ဖုန်းခေါ်ပါ
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး

မင်းနဒီခ
Empress Magazine

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးရဲ့ နံဘေးမှာ
လူတွေ သစ်ပင်တွေ လမ်းမတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားနောက်ခန်းမှာ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ် ပျော်မြူးနေတဲ့ သူငယ်ချင်းများ
ကားရှေ့ခန်းမှာ အလိုက်မသိ စကားတွေ ဖြတ် ဖြတ်ပြောတတ်တဲ့ ကားဒရိုင်ဘာ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက ဧရာဝတီ မြစ်ကြီးကို ဖြတ်နေတယ်
တံတားအောက်မှာ
မြစ်ရေတွေ လှေတွေ သင်္ဘောခေါင်းတိုင်က မီးခိုးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်းတက်ပြီး
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်း ပြန်ဆင်းခဲ့တယ်
ရှုမျှော်ခင်းတွေ အကွေ့အကောက်တွေ မြစ်လယ်ကျွန်းတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အိမ်ပြန်ချိန်က ရောက်တော့မယ်
အသွားနဲ့ အပြန်လမ်းက တစ်ဖက်တစ်ချက်စီ
စေတီပုထိုးတွေ လယ်ကွင်းတွေ ခြေတိုင်ရှည်အိမ်လေးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
အခုထိတော့
ကားရှေ့ခန်းက ဒရိုင်ဘာကလဲ အလိုက်မသိ စကားတွေ ဖြတ်ဖြတ်ပြောနေဆဲ
ကားနောက်ခန်းက သူငယ်ချင်းတွေလဲ သူ့အဓိပ္ပာယ်နဲ့သူ ပျော်မြူးနေကြဆဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကြည်နူးခြင်းတွေ အထိအတွေ့တွေ အတူရှိနေခွင့်တွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
နှုတ်ဆက်ခွဲခွာချိန် နေမ၀င်ခင်လေးပါပဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားခဲ့တယ်

မင်းနဒီခ

မျှော်လင့်ခြင်း တနင်္ဂနွေ

ဒီတနင်္ဂနွေလဲ
ပြီးခဲ့တဲ့ တနင်္ဂနွေ အတိုင်းပါပဲ
လာလမ်းအတိုင်းစောင့်ခဲ့တယ်
အေးစက်တင်းမာနေတဲ့ လက်ဖက်ရည်တစ်ခွက်မှာ
စောင့်စားခြင်းတွေ
ဘယ်လောက်တောင် ပျော်ဝင်နေခဲ့ပြီလဲ
လွမ်းစိတ်နဲ့ လွင့်ပျံ့နေတဲ့ စီးကရက်ငွေ့တွေက
မရေရာခြင်းရဲ့ နမိတ်ပုံ တစ်ခုလို
အချိန်တွေ ကုန်တာပဲ မြန်လွန်း
ကြည့်ပါများလို့ နာရီလေးလဲ ပွန်းပဲ့နေပြီ
ဒီလက်ဖက်ရည်ဆိုင်က
အလွမ်းသီချင်းတွေချည်းပဲ ဖွင့်နေတာ ဆိုးတယ်
ဘာတတ်နိုင်မှာလဲ
ချစ်ခြင်းမသိတဲ့သူတွေ ရယ်ကြပါစေပေါ့
ဒီတနင်္ဂနွေလေး အမှောင်မ၀င်ခင်
အရင် တနင်္ဂနွေအတိုင်းပဲ ပြန်ခဲ့တယ်

မင်းနဒီခ
Shade Journal

မိုးနည်းရပ်ဝန်း

အချစ်က
ရွာဟန်ဆောင် ထွက်ပြေးတတ်တဲ့ တိမ်တစ်ဆုပ်လား
မျှော်လင့်မိတဲ့ မျက်ဝန်းတွေသာ မိုးတစိုစို
လွမ်းစိတ်က သတိရတိုင်းပြိုအောင် ညို့တယ်
ပျောက်ကွယ်သွားတဲ့ မိုးသားတွေ
ဘယ်ဆီရွာနေပြီလဲ
ငါ့မှာ
ရေနည်းရာ မိုးခေါင်နေတဲ့ ရပ်ဝန်းတွေနဲ့
ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ဖြေနေရတဲ့ ဘဝ
ခံစားခဲ့ရသမျှ
ဖုန်တထောင်းထောင်း ထပြနေရတာပဲ ကြေကွဲစရာ
အိပ်မက်မှာတော့
ရင်တခင်းလုံး မိုးတွေသည်းလို့

မင်းနဒီခ