Friday, April 20, 2012

ပွင့်တူရွက်တူ

သံယောဇဉ်နှစ်ဖက်ကမ်း
နားလည်မှုတံတားနဲ့ ဖြတ်သန်း
အကြင်နာလမ်းဖြစ်စေ

ယုံကြည်စွာလျှောက်ခဲ့လမ်း
ဘာလာလာ ခွဲမရစတမ်း
တွဲလက်တွေ ခိုင်မြဲစေ

ရက်လ နှစ်ရှည်
နှောင်ကြိုးတွေ ထပ်ဆင့်ကမ်း
အခန်းဆက်အနမ်းနဲ့ အချစ်သစ်ဝေ
တစ်ယောက်ဖူးရင် တစ်ယောက်ပွင့်လို့
တစ်ယောက်လန်းရင် တစ်ယောက်က နမ်းလို့
ပျော်ရွှင်ခြင်းပန်းတစ်ခင်း
ချစ်ခြင်းဖြင့်စိမ်းလန်းစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ ကောင်းကင်

ချစ်သူရေ
သံသယတိမ်တိုက်တွေကို နားလည်မှုနဲ့ ဖယ်ရှား
ဝမ်းနည်းမိုးသားတွေကို ဖြေသိမ့်ခြင်းလေပြေနဲ့ တွန်းထုတ်
လောကဓံတရားကို ရဲရဲရင်ဆိုင်လက်တွဲထား
အပြာရောင်နောက်ခံချစ်ခြင်းတရားမှာ
ရိုးသားဖြူစင်တဲ့ တိမ်တိုက်တွေသာရှိပါစေ

ချစ်သူရေ
ချစ်ခြင်းတရားဟာ အဆုံးမဲ့ကောင်းကင်
မြတ်နိုးမှုဟာ ရေတွက်မကုန်နိုင်တဲ့ ကြယ်စင်များ
ကမ္ဘာတည်မဲ့ သစ္စာတရားဟာ
တို့နှစ်ယောက်ကြားမှာ နေရောင်လို ထွန်းလင်းစေ
လရောင်လို အေးမြစေ

ချစ်သူရေ
ဤမှန်သော သစ္စာစကားနဲ့
ဆုတောင်းတိုင်းလည်း ပြည့်ပါရစေ
ကြယ်တွေကို ကြိုးနဲ့သီ
ကောင်းကင်ကို ဖြန့်ခင်း
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်နဲ့
မင်းခြေတော်ရင်းမှာ ခစား
ဘ၀ဆက်တိုင်း မင်းအပါးတော်မြဲဖြစ်ပါရစေ

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အနမ်း

တစ်ဘ၀စာအနမ်းလား
တစ်ခဏတာအနမ်းလား
အချစ်ချင်းတူရင် အလွမ်းချင်းတူလို့
အလွမ်းချင်းတူရင် အနမ်းချင်းလည်း တူရမှာပေါ့
အခုတော့
ဖေဖော်ဝါရီ ၁၄ လမ်းဟာ
ကိုလံဘီယာက ပို့လိုက်တဲ့နှင်းဆီရနံ့တွေနဲ့ သင်းပျံ့လို့
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ဟာ
တစ်ခန်းပြီး တစ်ခန်း အနမ်းချင်းဆက်လို့
ဖေဖော်ဝါရီ ၁၄ သစ်ပင်ဟာ
ဘယ်ပန်းပွင့်ပွင့် မွှေးမြလို့
ဖေဖော်ဝါရီ ၁၄ အင်္ကျီဟာ
နွေးထွေးလုံခြုံလှပလို့
ချစ်သူရေ
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ကြည့်ဖို့
ဖေဖော်ဝါရီ ၁၄ လမ်းက
ဖေဖော်ဝါရီ ၁၄ သစ်ပင်အောက်မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျီကိုဝတ်ပြီး စောင့်ပါ
မကြာခင်မှာ
ဖေဖော်ဝါရီ ၁၄ အနမ်းတွေ မိုးလိုရွာလိမ့်မယ်

မင်းနဒီခ

ဖေဖော်ဝါရီ ၁၄ အင်္ကျင်္င်္ီ

သူတော်စင်စိန့်ဗယ်လင်တိုင်း ကိုယ်တိုင်ချုပ်ပေးခဲ့အင်္ကျင်္ီ
သံယောဇဉ်အပ်ချည်ကြိုးတွေနဲ့
နားလည်မှုကြယ်သီးတွေနဲ့
ပျော်ရွှင်ခြင်းအိပ်ကပ်တွေနဲ့
ထောင်လွှားတတ်တဲ့မာနကိုတော့
ကော်လံတစ်ခုလို သေသေသပ်သပ်ခေါက်လို့
နှစ်ခြမ်းကွဲနေတဲ့ ရင်ဘတ်တွေကို ပြန်စေ့ပေးဖို့
အေးစက်နေတဲ့နှလုံးသားတစ်စုံကို နွေးထွေးစေဖို့
အကာအကွယ်မဲ့နေတဲ့ ရင်တစ်စုံကို လုံခြုံမှုတွေပေးဖို့
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
ဖေဖော်ဝါရီ ၁၄ အင်္ကျင်္ီလေးကို ၀တ်ဆင်ရင်း
ချစ်သူ ရယ်မော ပျော်ရွှင် နိုင်ပါစေ
ချစ်သူ လုံခြုံနွေးထွေးနိုင်ပါစေ
ချစ်သူ သာယာကြည်နူးနိုင်ပါစေ


မင်းနဒီခ

မိုး

မျက်ဝန်းတွေ စွတ်စွတ်စိုနေပေမဲ့
တနင်္ဂနွေမိုးတိမ်က ဘယ်လိုခြိမ်း ခြိမ်းမရွာဘူး
မျှော်လေတိုင်း အခါလွန်ကောင်းကင်
ပက်ကြားအက်ရင်တစ်စုံရဲ့ တခုတ်တရ သတိရခြင်းများ
စောင့်စားခြင်းဆိုတာ
ဆာဟာရရဲ့ တစ်ခုတည်းသော အိုအေစစ်လေးတစ်ခုပေါ့
ငါ့ရဲ့ မြေသင်းရနံ့လေးရေ
မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲကွယ်
အဲဒီလိုအလွမ်းနဲ့ တိတ်ဆိတ်စွာ ငါအော်တယ်
ချစ်ခြင်းတရားကို ဘယ်လိုပင်လယ်နဲ့ အငွေ့ပျံပြနေရဦးမှာလဲ
ရွက်ကြွေလမ်းရဲ့ နာနာကျင်ကျင်ရယ်သံတွေကြားမှာ
ဒီနေ့
ငါနှုတ်ခမ်းတွေ ခြောက်သွေ့လွန်းခဲ့တယ်

မင်းနဒီခ

ချိုမြိန်တဲ့ဒဏ်ရာ

ဘယ်တော့ပြန်လာမှာလဲကွယ်
မင်းအတွက်ခူးထားတဲ့ ပန်းလေးတွေ ညှိုးနွမ်းမသွားသေးချိန်
အလွမ်းနဲ့ ပြန်ညှိထားတဲ့ ဂစ်တာတစ်လက်ရဲ့
မင်းနာမည်တဖွဖွခေါ်သံလေး ကြိုးပြတ်မသွားသေးချိန်
မင်းအရိပ် မင်းအရောင်နဲ့ လင်းနေတဲ့ညလေး မှေးမှိန်မသွားသေးချိန်
ဘယ်တော့ပြန်လာမှာလဲကွယ်
နရံတံတိုင်းတွေ အထပ်ထပ်နဲ့ ဝေးကွားဖို့ပဲ နီးစပ်ခဲ့
နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရုန်းထွက်ဖို့ပဲ ချည်နှောင်ခဲ့
ဘယ်လိုရက်စက်မှုမျိုးက မင်းနှုတ်ခမ်းကို ချိုမြိန်စေခဲ့သလဲ
ဘယ်တော့ပြန်လာမှာလဲကွယ်
အသွေးအသားထဲ စိမ့်ဝင်နေတဲက သတိရခြင်းကို ကုစားဖို့
စစ်ရှုံးနေတဲ့ တောင်ကုန်းကို ပန်းနုရောင် အလံတစ်လက်လွင့်ထူဖို့
ခြောက်သွေ့နေတဲ့ ချစ်ခြင်းတရားကို ရေလောင်းပေါင်းသင်ပေးဖို့
ပြန့်ကျဲနေတဲ့ ငါ့ဘ၀ကို
စက်ဝိုင်းတစ်ဝိုင်းလို လှလှပပအနားသတ်ပေးဖို့
ဘယ်တော့ပြန်လာမှာလဲကွယ်
စောင့်ရခြင်းဟာ သွေးမထွက်တဲ့ဒဏ်ရာတစ်ခုလိုပါပဲ
တစ်စထက်တစ်စ တိုးဝင်လှိုက်စားလို့။
မင်းနဒီခ

အ၀ါရောင်သစ္စာ

မမြင်ခင်ကတည်းက
စိတ်ကူးထဲ လှပနေတဲ့အ၀ါ
မပွင့်ခင်ကတည်းက
တစ်ပင်လုံး ဆွတ်ပျံ့နေတဲ့ ရနံ့အ၀ါ
သစ္စာတရားနဲ့ ယှက်ဖောက်ချိတ်ဆွဲထားသော ပန်းများ။

အဘိုးက အဘွားကို ပန်ပေးခဲ့တဲ့ အ၀ါ
အဖေက အမေ့ကို ခူးပေးခဲ့တဲ့ အ၀ါ
မေတ္တာတရားနဲ့ ထုဆစ်ပုံဖော်ထားသော ပန်းများ။

ဟော အခု တဒေါက်ဒေါက် နဲ့
အိမ်အပြင်က ပိတောက်
ကျွန်တော့် ရင်ကို တံခါးခေါက်နေပြီ။

မင်းနဒီခ
Shwe Mandalay Journal

သတ္တမမြောက် မျက်မမြင်ပုဏ္ဏား

အချစ်က ကြိုးတစ်ချောင်းနဲ့ တူတယ်
မပြေးနိုင် မရုန်းနိုင်အောင် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့
ကြိုးလေးတစ်ချောင်းပေါ့
အချစ်က နံရံတံတိုင်းကြီးနဲ့ တူတယ်
မထိုးဖောက် မကျော်လွှားနိုင်အောင် မြင့်မြင့်မားမားကာရံထားတဲ့
တံတိုင်းကြီးတစ်ခုပေါ့
အချစ်က ယပ်တောင်ကြီး တစ်ချောင်းနဲ့တူတယ်
နွေလယ်ညရဲ့ ပူလောင်ပြင်းပြမှုတွေကို အေးမြသွားစေနိုင်တဲ့
ယပ်တောင်ကြီး တစ်ချောင်းပေါ့
အချစ်က တိုင်လုံးကြီးတွေနဲ့ တူတယ်
နှလုံးအိမ်လေးကို မယိုင်မလဲအောင် တည့်မတ်ထောက်ကူပေးထားတဲ့
ချစ်စရာ တိုင်လုံးကြီးတွေပေါ့
အချစ်က မြွေတစ်ကောင်နဲ့တူတယ်
လျှာနှစ်ခွနဲ့ ဘယ်တော့မှ ဖြောင့်တန်းစွာ သွားလို့မရတဲ့
မြွေဆိုးလေးတစ်ကောင်ပေါ့
အချစ်က လှံတစ်ချောင်းနဲ့တူတယ်
ရင်တစ်ခုလုံးစူးနစ်နာကျင်နေစေပေမဲ့
ဘယ်လိုမှ နှုတ်မပစ်ရက်တဲ့ လှံချွန်ချွန်လေးတစ်ချောင်းပေါ့
မဟုတ်ဘူး မဟုတ်ဘူး
အချစ်ဆိုတာ အင်မတန် လေးလံလှတဲ့ ၀န်ထုပ်ဝန်ပိုးနဲ့
ပြည့်သိပ်နံစော်နေတဲ့ အမှိုတ်အိတ်တစ်လုံးသာ ဖြစ်တယ်
လွင့်ပစ်လိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
ထွက်ကျလာတဲ့ ဒုက္ခ၀န်ထုပ်ဝန်ပိုးတွေကြားမှာ
တစ်စထက် တစ်စကျေနပ်ယဉ်ပါး
နောက်ဆုံး
ကိုယ့် ကိုယ်ကိုယ် ကြည်နူးစွာ စတေးပေးလိုက်ရတယ်။

မင်းနဒီခ
Fashion Image Magazine

အချစ်အကြောင်းပြောတဲ့ည

ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
မြင်နိုင်တဲ့ အရပ်မှာပဲ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်နေရာစီ
ညီမလေးက နေထွက်ရာအရပ်ကို မျက်နှာမူပြီး
ကိုယ်က နေ၀င်ရာအရပ်ကို မျက်နှာမူတယ်
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဒီလိုအချိန်ဆို ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို ကြားနေကျ
ဒီလိုအချိန်ဆို ညီမလေးရဲ့ နှုတ်ခမ်းဖျားက နှင်းဆီရနံ့တွေကို ဖျားယောင်းခိုးယူနေကျ
နက်မှောင်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံနွယ်ချောင်းချောင်းတွေကြားမှာ
ကိုယ့်လက်ချောင်းတွေ ထိုးဖွဆော့ကစားမိတဲ့အခါ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ
ပြောသင့်တာအတွက် ပြောချင်တာကို မျိုသိပ်ကျိတ်မှိတ်ပေးခဲ့ရ
အချစ်နဲ့ ဘ၀ကို ညီမျှခြင်းချပြဖို့ သတ္တိမရှိခဲ့ရုံလေးနဲ့
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး
ညီမလေးအတွက်ရေးတဲ့ကဗျာ ကိုယ်ဘယ်သူ့ကို ဖတ်ပြရမလဲ
ညီမလေးကို ပြောချင်တဲ့စကား ကိုယ်ဘယ်သူ့ကို ကြားစေရမလဲ
တစ်ယောက်တစ်ကမ္ဘာစီ ဝေးနေရတာထက်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝေးနေရတာ
ညီမလေးရယ် လွမ်းလိုက်တာ
အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနား မရှိဘူး

မင်းနဒီခ

နှောင်ကြိုးမဲ့

အမိုက်မဲဆုံးသော ရူးသွပ်မှုတွေနဲ့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်မထားစတမ်း
ကြိုးများကို ဖြည်ချလိုက်ပါ
အချစ်ဆိုတာ
ငါလျှောက်တဲ့လမ်းမှာ ၀င်တိုက်မိတဲ့ ခဲလေးတစ်လုံး
ဒါမှမဟုတ်
မင်းကန်ရေပြင်မှာ လှိုင်းထသွားတဲ့ ရေပွက်လေးတစ်ခု
အဲဒီအတိုင်းပဲပေါ့
ငါ့ကိုလွမ်းရင် ကြယ်ကိုကြည့်
ငါကလွမ်းရင် ကြယ်လို ကြွေမယ်
မဆုံနိုင်ခြင်းဆိုတာ
ငါတို့နှစ်ဦးရဲ့ နောက်ကျောက ရန်သူပါပဲ

မင်းနဒီခ

အထီးကျန်ဘူတာ

ခွဲခွာခြင်းဆိုတာ
ငါမကြားမိလိုက်တဲ့ ဥသြသံမှန်းသိခဲ့ရင်
ဒီအလံစိမ်းစိမ်းကို ငါထောင်မပြခဲ့ပါဘူး ချစ်သူ။

အခုတော့ အဲဒီရထားကြီးက
မင်းနဲ့ ငါ့ကို တစ်ဖက်စီထားပြီး
မဆုံနိုင်တော့မယ့် အမှတ်တစ်ခုဆီ ခရီးဆက်
ငါ့ကိုမှ သက်သက်မဲ့ လုပ်ကြံတယ်။

သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ခြားရုံနဲ့
ကိန္ဒရီ ကိန္ဒရာ ချောင်းခြားသလို
သွက်သွက်ခါအောင်ကျခဲ့ရတဲ့ မျက်ရည်စက်များ
နှုတ်ဆက်လက်ပြ
နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အနမ်းနေ့စွဲများ
အိုမိုဒီဂလီယာနီ ရဲ့ သတို့သားနဲ့ သတို့သမီးပန်းချီကားဆီက
တမင်သက်သက်လှောင်ရယ်ဟားတိုက်သံများ
တဖြည်းဖြည်းနဲ့ ငါ့အကြားအာရုံမှာ
ရထားဥသြသံဟာ ဝေး ဝေးသွားခဲ့
ငါကတော့
တိတ်တိတ်ဆိတ်ဆိတ်ကျန်ခဲ့တဲ့ ဘူတာရုံလေးတစ်ခုအဖြစ်နဲ့သာ။

မင်းနဒီခ

ပျားရည်ည

လရောင်က
ည၀တ်အင်္ကျီဖြူဖြူလေးထဲ
တဖြည်းဖြည်းတိုးဝင်စိမ့်သက်လို့
လေတိုးသံသဲ့သဲ့မှာ
တလှပ်လှပ်လှုပ်ခတ်သွားသော သစ်ရွက်ခြောက်ကလေးများ
နဖူးပေါ်က ဝေ့၀ဲလွင့်ခါနေတဲ့ ဆံနွယ်စလေးများ
မေးစေ့ချွန်ချွန်လေးထက်က
စံပယ်တင်မှဲ့နက်ကလေးရဲ့ ဖြားယောင်းသွေးဆောင်မှုများ
ပြတင်းပေါက်ကချောင်းကြည့်နေတဲ့ အလင်းမှာ
ကြယ်တစ်ချို့ရဲ့ ရယ်သံတလွင်လွင် ကြားတယ်
နံရံချိတ်ထားတဲ့ တိုင်ကပ်နာရီကတော့
ရှက်ရှက် ရှက်ရှက် နဲ့ ကျီစယ်လို့ ကောင်းနေဆဲ
တစ်နေကုန်တပ်ဆင်ထားတဲ့ အပြုံးတုဟာ
အခု ရင်သပ်ရှူမောဖွယ်သက်ပြင်းကို ခပ်မျှင်းမျှင်းချလိုက်ပြီ
ကပိုကရိုနဲ့ လှချင်တိုင်းလှနေတဲ့ည
နောက်ထပ်ရနိုင်ပါဦးမလား
ဟိုမှာ သတို့သမီး အိပ်ပျော်တော့မယ်။

မင်းနဒီခ
Fashion Image Magazine

ဖေဖော်ဝါရီ ၁၄ လမ်း

တယုတယထုပ်ပိုးထားတဲ့ ချောကလက်တစ်ထောင့်မှာ
ချစ်ခြင်းတရားက ဘယ်လိုအရသာနဲ့ ပျော်ဝင်နေသလဲ
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ငါ့အခန်းထဲ
ပြန့်ကျဲနေတဲ့ ပိုင်ရှင်မဲ့ ပို့စကဒ်တွေ
အကြိမ်ကြိမ် ချိန်းဆိုပြီး အကြိမ်ကြိမ် လွဲချော်ထားတဲ့နေ့စွဲတွေ
နွေကြိုတေးနဲ့ ချော့သိပ်လိုက်ရတဲ့ အိပ်မက်တွေ
အဲဒီလို နေ့စဉ်ရက်ဆက် ကြေကွဲခြင်းများ
ငါ့ရဲ့ဗုဒ္ဓဟူးနံလေးရေ
အနမ်းဆိုတာ
သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေတစ်မျိုးပဲပေါ့
နီးနီးဝေးဝေး ငါ့နှလုံးသားကို ဖုန်းခေါ်ပါ
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး

မင်းနဒီခ
Empress Magazine

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်

ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးရဲ့ နံဘေးမှာ
လူတွေ သစ်ပင်တွေ လမ်းမတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားနောက်ခန်းမှာ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ် ပျော်မြူးနေတဲ့ သူငယ်ချင်းများ
ကားရှေ့ခန်းမှာ အလိုက်မသိ စကားတွေ ဖြတ် ဖြတ်ပြောတတ်တဲ့ ကားဒရိုင်ဘာ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက ဧရာဝတီ မြစ်ကြီးကို ဖြတ်နေတယ်
တံတားအောက်မှာ
မြစ်ရေတွေ လှေတွေ သင်္ဘောခေါင်းတိုင်က မီးခိုးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်းတက်ပြီး
ကားက တောင်ပေါ်စေတီလမ်းလေးအတိုင်း ပြန်ဆင်းခဲ့တယ်
ရှုမျှော်ခင်းတွေ အကွေ့အကောက်တွေ မြစ်လယ်ကျွန်းတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
အိမ်ပြန်ချိန်က ရောက်တော့မယ်
အသွားနဲ့ အပြန်လမ်းက တစ်ဖက်တစ်ချက်စီ
စေတီပုထိုးတွေ လယ်ကွင်းတွေ ခြေတိုင်ရှည်အိမ်လေးတွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
အခုထိတော့
ကားရှေ့ခန်းက ဒရိုင်ဘာကလဲ အလိုက်မသိ စကားတွေ ဖြတ်ဖြတ်ပြောနေဆဲ
ကားနောက်ခန်းက သူငယ်ချင်းတွေလဲ သူ့အဓိပ္ပာယ်နဲ့သူ ပျော်မြူးနေကြဆဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားတယ်
ကြည်နူးခြင်းတွေ အထိအတွေ့တွေ အတူရှိနေခွင့်တွေ တရိပ်ရိပ် တငြိမ့်ငြိမ့်
နှုတ်ဆက်ခွဲခွာချိန် နေမ၀င်ခင်လေးပါပဲ
ချစ်သူ့လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားခဲ့တယ်

မင်းနဒီခ

မျှော်လင့်ခြင်း တနင်္ဂနွေ

ဒီတနင်္ဂနွေလဲ
ပြီးခဲ့တဲ့ တနင်္ဂနွေ အတိုင်းပါပဲ
လာလမ်းအတိုင်းစောင့်ခဲ့တယ်
အေးစက်တင်းမာနေတဲ့ လက်ဖက်ရည်တစ်ခွက်မှာ
စောင့်စားခြင်းတွေ
ဘယ်လောက်တောင် ပျော်ဝင်နေခဲ့ပြီလဲ
လွမ်းစိတ်နဲ့ လွင့်ပျံ့နေတဲ့ စီးကရက်ငွေ့တွေက
မရေရာခြင်းရဲ့ နမိတ်ပုံ တစ်ခုလို
အချိန်တွေ ကုန်တာပဲ မြန်လွန်း
ကြည့်ပါများလို့ နာရီလေးလဲ ပွန်းပဲ့နေပြီ
ဒီလက်ဖက်ရည်ဆိုင်က
အလွမ်းသီချင်းတွေချည်းပဲ ဖွင့်နေတာ ဆိုးတယ်
ဘာတတ်နိုင်မှာလဲ
ချစ်ခြင်းမသိတဲ့သူတွေ ရယ်ကြပါစေပေါ့
ဒီတနင်္ဂနွေလေး အမှောင်မ၀င်ခင်
အရင် တနင်္ဂနွေအတိုင်းပဲ ပြန်ခဲ့တယ်

မင်းနဒီခ
Shade Journal

မိုးနည်းရပ်ဝန်း

အချစ်က
ရွာဟန်ဆောင် ထွက်ပြေးတတ်တဲ့ တိမ်တစ်ဆုပ်လား
မျှော်လင့်မိတဲ့ မျက်ဝန်းတွေသာ မိုးတစိုစို
လွမ်းစိတ်က သတိရတိုင်းပြိုအောင် ညို့တယ်
ပျောက်ကွယ်သွားတဲ့ မိုးသားတွေ
ဘယ်ဆီရွာနေပြီလဲ
ငါ့မှာ
ရေနည်းရာ မိုးခေါင်နေတဲ့ ရပ်ဝန်းတွေနဲ့
ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ဖြေနေရတဲ့ ဘဝ
ခံစားခဲ့ရသမျှ
ဖုန်တထောင်းထောင်း ထပြနေရတာပဲ ကြေကွဲစရာ
အိပ်မက်မှာတော့
ရင်တခင်းလုံး မိုးတွေသည်းလို့

မင်းနဒီခ

နောင်တ

ဘုရားသခင်တားမြစ်ထားတဲ့ သစ်သီးလေးတစ်လုံးခူးမိရုံနဲ့
ကြေကွဲစိတ်တွေ ပင်လုံးညွတ်အိလာမယ်မှန်း
မတွေးဖြစ်ခဲ့ဘူး။

အခုတော့
မိုးပေါ်ပျံတတ်မဲ့ ပူဖောင်းလေးတစ်လုံးလို
ပြုကျလာမဲ့ အချိန်ကို တွေးရင်း
သူ့အစာအိမ်ထဲက ဓါတ်ငွေ့ကို
အန်ထုတ်ရအခက် မျိုချရအခက်။

မင်းပျော်ဖို့သက်သက်နဲ့
ရင်တစ်လုံးပေါက်ကွဲထွက်လာတဲ့ ပန်းရှူးမီးပန်းတွေပါ
ကောင်မလေးရယ်
ပိုက်ကွန်ထဲက ငါးတစ်ကောင်အတွက်တော့
လေကောင်းလေသန့်ဆိုတာလဲ
အသက်ရှူကျပ်မှန်း သိခဲ့ပြီ။

ဝမ်းနည်းစရာပါပဲ
မျှော်လင့်ခြင်းဆိုတဲ့ ကြမ်းပြင်မှာ
အသံမမြည်ဘဲ ကျကွဲသွားတဲ့ ဖန်ခွက်လေးလို
ငါကမ္ဘာမှာ ငါတစ်ယောက်တည်းသာ
အစိတ်စိတ် အမွှာမွှာ ပြန့်ကျဲလို့။

မင်းနဒီခ

ခိုကိုးရာ

အိမ်ဆိုပေမဲ့
နေဒဏ်မိုးဒဏ် ခံနိုင်ရုံက လွဲပြီး
ရင်ငွေ့မလုံဘူး

လွမ်းတိုင်း
ပြိုပြိုလာတတ်တဲ့ စိတ်က
ဘယ်ဥတုနဲ့မှ မရွာဘဲ
မြုံနေတတ်တဲ့ မိုး

တစ်ယောက်တည်း
ယောင်ယောင်ပြီး နိုးလာခဲ့တဲ့ ညတွေ
ဘယ်လိုတရားနဲ့ ဖြေမလဲ

ဒီလိုပါပဲ
ရင်ထဲမှာ စိုက်ထားတဲ့ ပန်းလေး
ရနံ့မပေးခင် အချိန်အထိတော့
တစ်ယောက်တည်းကမ္ဘာမှာ
မျှော်လင့်ခြင်းသာ ခိုကိုးရာ။ ။

မင်းနဒီခ
Shape Journal

ပွင့်မျောရိပ်

စိတ်အတွေးမှာတော့
အစီအရီဖူးတဲ့ ပုရစ်ဖူးလေးတွေပဲပေါ့
ကိုယ်စီ ရနံ့ပေးတော့မှ ပွင့်နေမှန်း သိတယ်
တစ်ချို့အပွင့်က လေပြေနဲ့အတူ
တစ်ချို့အပွင့်က စမ်းရေနဲ့အတူ
တစ်ချို့အပွင့်က ပန်ဆင်သူနဲ့ အတူ
ထပ်တူကြွေဆင်း
ညှာတံကင်းကွာ
တစ်ပွင့်တစ်နေရာစီလွင့်မျော
ကျန်နေသူ ပင်စည်မှာ ရင်တလှပ်လှပ်မောလို့
ကျွမ်းမြိုက်လှိုက်ဆူ
ဘယ်အပူမှာ ဘယ်ပွင့်ဖြူနွမ်းရှာမလဲရယ်နဲ့
ရှောင်ခွာဖယ် ပွင့်ကြွေပန်းအတွက်
အပင်အို ဒီအရိပ်ဟောင်းမှာ
မျှော်. . လွမ်း .. ရင့်... ရော်။ ။

မင်းနဒီခ

အနံ့အသက်

သေချာတယ်
ဒါကျည်ဆန်တစ်တောင့်ရဲ့ အနံ့အသက်ပဲ
ပြောင်းဝမှာ မီးခိုးတွေ တလူလူနဲ့
သွေးဆူနေတဲ့ သေနတ်တစ်လက်ရဲ့ တောက်ခေါက်သံ
ဘယ်အချိန်မှာများ ငါ့ရင်ကို လာမှန်မလဲ
စိတ်ကူးထဲတောင် ထိတ်လန့်
သွေးပျက်မတတ်ခြောက်ခြား
ထင်ယောင် ထင်မှားနဲ့ ပြောနေတာ မဟုတ်ဘူး
ဒါ ကျည်ဆန်တစ်တောင့်ရဲ့ အနံ့အသက်ပါပဲ
ဗီးနပ်ရေ ငါ့ကို ကယ်ပါ
ငါ့ကို ပုန်းခိုစရာ ရင်ခွင်တစ်ခုပေးပါ
ဟိုမှာ
နှစ်ဆယ့်တစ်ရာစုကို ဘောင်းဘီချုပ်ဝတ်ထားတဲ့ သမီးပျို
သေနတ်တစ်လက်လို အချစ်ကို လက်ထဲ လှည့်ကစားရင်း
အသာအယာ ချွတ်နင်းလို့
ငါ့ရင်ကို စစ်တလင်းလုပ်ဖို့ လာနေပြီ။ ။

မင်းနဒီခ

တောင်သမန်ပင်လယ်

လေပြည်တစ်ချက်သွေးတော့
မယ်ဇယ်ရနံ့တသင်းသင်းနဲ့
တောင်သမန်အင်းက လွမ်းစရာ
အရိပ်ဖြာ တမာတန်း
တစ်ချိန်က ကျောင်းတော်လာရာ လမ်းကလေး
မျှော်ငေးတွေးကြည့်
ခြေရာလေးတွေရှိသေးတယ်
ဦးပိန်တံတားနဲ့ ခုံတန်းလျား
ရင်ခုန်သံတွေ လမ်းသလား
အိပ်မက်တွေ ရင်ချင်းအပ်ထားတဲ့ နေရာ
နှုတ်ဆက်ခွဲခွာ
ခုများတော့ ဝေးကွာခဲ့ပြီ
ကျမျက်ရည်ဖြေမဆည်နိုင်အောင်ပါပဲ
တောင်သမန်လဲ ပင်လယ်ဖြစ် ခဲ့ ရ ပေါ့ . . . ။

မင်းနဒီခ

အနီးအဝေး

နှစ်ဦးသား မြင်လွှာအောက်မှာ ရှိနေတိုင်းလဲ မနီးပါဘူး
နှစ်ဦးသား ရေခြားမြေခြား ကမ္ဘာခြားနေတိုင်းလဲ မဝေးပါဘူး
အနီးအဝေးဆိုတာ စကားလုံးသက်သက်မျှသာ။

အတွေးမှာ ဘယ်လိုနီးနီး
တကယ့်လက်တွေ့မှာ ဘယ်လောက်ဝေးဝေး
တဖြည်းဖြည်းနီးစပ်လာတဲ့ ဝေးကွာခြင်းနဲ့
တဖြည်းဖြည်းဝေးကွာသွားတဲ့ နီးစပ်ခြင်းများကို လှမ်းငေးရင်း
ချစ်ခြင်းမှာ သက်ဝင်ယုံကြည်နေသရွေ့တော့
ကောင်မလေးရေ
မင်းနဲ့ ငါကြားမှာ
အနီးအဝေးဆိုတာ စကားလုံးသက်သက်မျှသာ။

မင်းနဒီခ

ချိန်းတဲ့ည

မင်းအရိပ် မင်းအရောင်မှာ
လ၀န်းဟာ မျက်လွှာချ
သူ့အလင်း သူပြန်ရှက်လို့
တိမ်ညိုတွေကြားမှာ ၀င်ပုန်းခဲ့တဲ့ည။

မင်းမျက်တောင်တခတ်မှာ
ကြယ်တွေ တဖျတ်ဖျတ်ကြွေကျ
မျက်ရည်စိုတလက်လက်နဲ့
ပန်းပွင့်တွေ ငိုချင်းချတဲ့ ည။

မင်းကိုယ်သင်းရနံ့မှာ ရီဝေစူးရှ
ညမွှေးပန်းလေးတွေ
ကိုယ့်ရနံ့ကိုယ် မေ့သွားတဲ့ည။

အဲဒီည
ပြန်တွေးတိုင်း တသသ
မင်းအနမ်းမှာ တခဏ
ရင်ခုန်သံတွေ အသက်ရှူရပ်သွားခဲ့တဲ့ည။

ဟိုးအရင်အတိတ်က
တို့နှစ်ယောက်ရဲ့ သန်းခေါင်ယံ ည။ ။

မင်းနဒီခ

ရုပ်သေး

လမ်းခွဲတော့လဲ ဒီနှုတ်ခမ်းပဲ
နမ်းခဲ့တော့လဲ ဒီနှုတ်ခမ်းပဲ
မင်းကတဲ့ ဇာတ်လမ်းမှာ
ငါက မင်းကြိုးဆွဲရာ အရုပ်
မင်းလုပ်သမျှ ငုံ့ခံ
တုန့်ပြန်စရာ စကားမရှိ
မော့ကြည့်တဲ့ မျက်လုံးမှာတောင်
မျက်ရည်တွေ စိုနေမှတော့
အလွမ်းတွေ သက်သေပြနေလဲ အပိုပါပဲ
မင်းစေရာ မင်းအလိုကျ
မင်းကတဲ့ ဇာတ်မှာ
ကြိုးအဖြတ်ခံရတဲ့ အရုပ်ကလေးလို
ငုတ်တုတ်လေးပဲ နေခဲ့မယ်

မင်းနဒီခ

တစ်ကိုယ်စာမိုး

တစ်ကိုယ်ရေစာ အခန်းကျဉ်းလေးထဲ
ကိုယ့်အလွမ်းနဲ့ ကိုယ် မှိုင်းအုံ့နေခဲ့
ငါကိုယ်တိုင်မေ့နေတဲ့ သတိရခြင်းမျိုးနဲ့
ပြိုတော့မယ့် စိတ်က
အိမ်အပြင်က မိုးထက် စွေတယ်

ပြန်တွေးတိုင်း
လျပ်စီးတွေ တဖျတ်ဖျတ်လက်ရင်
သူ့မျက်တောင် တခတ်ခတ်ကို မြင်တယ်
မိုးကြိုးတွေ အထပ်ထပ်ပစ်ရင်
သူ့ရယ်သံ တခစ်ခစ်ကို ကြားတယ်

ဘယ်လိုလဲ
ပြတင်းတံခါးတွေကို အမြန်ပိတ်ပေးထားပါ
အပြင်မှာ တိတ်ပြီးနေတာတောင်
ငါနဲ့ ငါ့အခန်းလေးထဲ
တစ်ကိုယ်စာ ရွာ ရွာနေတဲ့ မိုးကိုကြောက်လို့ ။ ။

မင်းနဒီခ

လမ်းခွဲမျက်ရည်

အဲဒီမနက်မှာ တဖွဲဖွဲသည်းနေတာ
မင်းတို့မြင်တဲ့ မိုးရေစက်တွေ မဟုတ်ပါဘူး
ပင်လယ်နဲ့ တိုက်စားခံလိုက်ရတဲ့ ငါ့မျက်ရည်တွေပါ

တရှိုက်မက်မက်ဖွာခဲ့မိတဲ့ မီးခိုးငွေ့များ
ဆွတ်ပျံ့တတ်တဲ့ အလွမ်းငွေ့များနဲ့
မလျော်ဖွတ်ရသေးတဲ့ ကောင်းကင်တစ်ထည်လို
တစ်ဘ၀လုံးမှိုင်းအုံ့ခဲ့ရ
ဖြေမရ ဖျောက်မရ
နောက်ဆုံးတော့လဲ ကြွေကျခဲ့ပါတယ်

မမေ့ချင်လဲ မေ့နေမယ်
မလွမ်းချင်လဲ လွမ်းနေမယ်
မိုးစက်ကြွေတွေနဲ့အတူ
လမ်းခွဲသူ မငိုစတမ်းပေါ့ ။ ။

မင်းနဒီခ

အတွေး

ဟိုးမှာ
တိမ်ညိုတွေ ပြိုဆင်းလို့
မိုးရွာတော့မယ် . . . ။

လေပြေတွေက ငါ့ဂစ်တာလေးကို တိုးသက်
ငါ့သံစဉ်တွေက တုန်ရီအေးစက်
လျပ်စီးရောင် ဖျတ်ကနဲ အလက်မှာ
တိမ်တွေကြားက ရှက်နေတဲ့ လကို မြင်တယ် . . .။

သြော်
တောင်ပေါ်လေ ရနံ့မွှေးမွှေးနဲ့
မေ ဆိုတဲ့ မြို့လေးမှာ
မိုးရွာပြီ ထင်ပါရဲ့ . . . ။

မင်းနဒီခ

ဇာတ်သိမ်းခန်း

ဘယ်တော့မှ မခွဲဘူးလို့ ဘယ်လိုပြောပြော
တစ်ယောက်တစ်လမ်းစီ လာပြီး
တစ်ယောက်တစ်လမ်းစီ ပြန်ခဲ့ရတာပါပဲ

အမှတ်တရဆိုလို့
သူ့ကျောပြင်ပေါ်ပါသွားတဲ့ ငါ့သက်ပြင်းလေးရယ်
ငါ့ရင်ဘတ်ထဲ စွဲကျန်နေတဲ့ သူ့မျက်ရည်စလေးရယ်
အလိုမတူဘဲ ကြွေကျခဲ့တဲ့ သစ်ရွက်လေးတစ်ရွက်နဲ့
အရောင်ဖျော့ကျသွားတဲ့ ဆည်းဆာပဲ ကျန်တယ်

တကယ်တမ်းကျတော့
တူစုံရပ်နေတဲ့ ခြေထောက်တွေ ကျောခိုင်းလို့
လမ်းခွဲရတာ မဟုတ်ပါဘူး
အနမ်းတွေ မျက်နှာချင်းဆိုင်ရင်း
လမ်းလွဲသွားခဲ့ရတာပါ

လွမ်းတယ်။ ။

မင်းနဒီခ

ဧဒင်အလွမ်း

လရောင်ရှိပေမဲ့
ငါ့ရဲ့ညက မှောင်တယ်

ဒီလက်ဆောင်ကိုဘယ်သူပေးတာလဲ
မှတ်မိပေမဲ့ မေ့ချင်နေပြီ
အလွမ်းတစ်ခုတော့ ချန်ထားဖို့ကောင်းရဲ့

တိမ်တွေပြိုမှ မိုးဖြစ်တာမဟုတ်ပါဘူး
မျက်ရည်စိုလဲ မိုးဖြစ်ပါတယ် ကောင်းကင်ရယ်
ငါ့ကိုယုံပါ

မစားကောင်းတဲ့သစ်သီးတွေနဲ့
ပုပ်သိုးနေတဲ့ဥယျာဉ်ထဲမှာ
အခိုးခံလိုက်ရတဲ့ ဘယ်ဘက်နံရိုးတစ်ချောင်းအတွက်
ဒီထက်တော့ ရင်နင့်ပေးရဦးမှာပေါ့
ငါကိုယ်က ချစ်မိသူ . . . . . ။ ။

မင်းနဒီခ

ပြဇာတ်ပေါ်က ည

ပန်းတွေက သူတို့ရဲ့ အပွင့်ကို သိမ်းဖို့ ပြင်ဆင်နေတုန်း
ညက လရောင်ကို တရွတ်ဆွဲခေါ်တယ်
ကိုယ့် ကိုယ်ကိုယ်တိမ်ထဲ ထည့်ပုန်းနေတဲ့ ကြယ်တစ်ချို့တစ်လေကတော့
မျက်တောင် တဖျတ်ဖျတ်ပုတ်ခတ်ရင်း
ဓါးတလက်လက်သွေးပြီး လိုက်ခဲ့မယ်တဲ့
လေပြေက နောက်ခံဂီတဆန်ဆန် တချက်ပြင်းပြင်းတိုက်ခတ်ချိန်
သူရဲကောင်းအယောက်ဆောင်ထားတဲ့ ခွေးက တဇွတ်ထိုးဟောင်တယ်
တကယ်တမ်းက နေရာပြောင်းပြီး ပြန်အိပ်သွားခဲ့တာပါပဲ
ကြာတော့လဲ မေ့သွားမှာပါ တဲ့
ရင်ကွဲနေတဲ ပုစဉ်းတစ်ကောင်က အသံကျယ်ကျယ်နဲ့ လှမ်းပြောတယ်
ရက်စက်လိုက်တာကွယ်
လျော့တိလျော့ရဲ ကာရန်မပါဘဲ ရေးထားတဲ့ ငါ့ကဗျာလေးကတော့
အဲဒီညမှာ ဘာမှ မသိရှာပါဘူး
ငါတစ်ယောက်တည်းသာ
လရိပ်အောက်မှာ ဒူးထောက်ကျရင်း
ပျောက်ရှသွားတဲ့ အိပ်မက်ကို အရှုံးပေးလိုက်ရတာ
လွမ်းတယ် . . . . . .။ ။

မင်းနဒီခ

မျက်ရည်ဒိုင်ယာရီ

စံပယ်ပွင့်ဖြူဖြူတွေလား
ဒါမှမဟုတ်
ပန်းအယောင်ဆောင်ထားတဲ့ပင့်ကူတွေလား
ရိုးသားသံကိုနားစွင့်ပါ
အချစ်ဆိုတာ
မင်းဖတ်ပြီးလုံးချေပစ်လိုက်တဲ့ ကဗျာတစ်ပုဒ်မဟုတ်ဘူး
ဘယ်သူတွေ ဘာပြောပြော
ထွက်ခွာသွားတဲ့ ဥသြသံနဲ့
ဆိုက်ရောက်လာတဲ့ ဥသြသံကြားမှာ
အလွမ်းတွေရှိထားကြောင်း
လမ်းခွဲသူတို့ သိဖို့ကောင်းတယ်
နောက်ဆုံးတော့ ငါ့မှာ
မျက်ရည်လွယ်တဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့
အပူရုပ်ကို ဟန်လုပ်ပြီး
သံယောဇဉ်တွေကို အသိမဲ့စွာ ထုပ်ပိုး
သြော် . . . . . .
ကြာရင် မေ့မှာပဲ စိုးရဲ့ . . . .။ ။

မင်းနဒီခ

လေလွင့်ငှက်

အိပ်မက်ကို အတောင်တပ်ပြီး ပျံသန်းချင်ပေမဲ့
နားခိုရာ ရင်ခွင်ရယ်က မရှိ
ဟောဒီ မုတ်သုန်တွေ မဆုံးသရွေ့တော့ လွင့်လိုက်ဦးပေါ့
ငါ့မှာ
မူးမယ်ထင်လို့ အတိတ်ခါးခါးတွေ မော့သောက်မိတာပါ
မထင်မှတ်ဘဲ ဒဏ်ရာတွေ အန်ချမိတာ ခက်တယ်
ဘယ်သူ့ကိုမှ မပြောကြပါနဲ့
နောင်တဆိုတာ စာအုပ်ထဲမှာပဲ ထားခဲ့ရင်
ဆုံးရှုံးမှုကို သက်သေပြဖို့
ဒီလောက်မျက်ရည်ကျစရာ မလိုတော့ဘူး

မင်းနဒီခ

တန်ဆောင်တိုင်ည

အိုဘယ့် အလင်းသခင်
ကြယ်စင်ဖော်သင်း
ဝပ်ဆင်းခယ
ညလှကဗျာ
ညီညာဆော်သွေး
ဆောင်းလေအေးနှင့်
ရှူတိုင်းတင့်သည်
နတ်ဆေးပန်းချီ
ခြယ်လေသလားထင့် . . . . . . ။

မင်းနဒီခ

တိတ်တခိုး

လွမ်းခိုးတိုးတိတ် အိပ်မက်ညစဉ်
ရေးရေးမြင်သည်
မပီဝိုးဝါး မျက်ရည်များနှင့် . . . ။

ဆွေးပျယ်လွင့်ပါး သူ့အနားတိုး
မြတ်နိုးသမျှ လှစ်ဟပြောချင်
ယုယချင်လည်း
ဆိုင်သူ သူ့မှာ ရှိပြီးသားနှင့် . . . ။

မင်းနဒီခ

တစ်ဖက်သတ်

မိုးစက်တွေကြားမှာ
နှင်းတွေ တိုးဝှေ့ပြီး ရွာသလိုမျိုး
အိပ်မက်တွေက အေးစက်စက်
အဲ့ဒီညက
ရနံ့ချည်းသက်သက် ပန်းတွေကြွေတယ်။

နှမြောလို့ရယ်တော့ မဟုတ်ပါဘူး။

နှင်းဖြစ်ရုပ်ကြွင်းတစ်ခုလို
ငါ့ဒဏ္ဍာရီတွေ ပြိုလဲခဲ့တာ
ကမ္ဘာတစ်ဝက်တောင်ရှိခဲ့ပြီပဲ ဆောင်းရယ်
သူ မသိမှာဘဲ စိုးတာပါ . . . . . . ။

မင်းနဒီခ

အချစ် + အိပ်မက်

ကောင်မလေးရေ
ငါ မင်းကိုချစ်မိတဲ့ညမှာ
လ၀န်းဟာ သူ့အလင်းသူ ပြန်မရှက်ခဲ့ပါဘူး
မင်းသာ လရောင်မှာ ခေါင်းမဖော်ရဲခဲ့သူပါ

တကယ်ဆို
ဆိတ်ဖလူးပန်းရနံ့တွေနဲ့
ညက မွှေးသက်ဝေနေပေမယ့်
ငါဆုပ်ကိုင်ထားတဲ့
မင်းလက်တွေကတော့ အေးစက်နေခဲ့တယ်

ကောင်မလေးရေ
ကောင်းကင်ကို မော့ကြည့်လိုက်စမ်းပါ
တဖျတ်ဖျတ်လက်နေတဲ့ ကြယ်စင်လေးတွေက
မင်းမျက်ဝန်းတွေကို အားကျနေခဲ့
တို့နှစ်ယောက်ကြားထဲ ပြေးဝင်လာတဲ့ လေပြေလေညှင်းကလေးကလဲ
မင်းရဲ့ ထွက်သက်ဝင်သက်တွေကြားမှာ မူးဝေနေ လေရဲ့
ရဲရဲသာ ခေါင်းမော့ပြုံးပြလိုက်စမ်းပါ ကောင်မလေးရေ
ပင့်သက်လေးတရှိုက်ရဲ့ အဆုံးသတ်
ဒီအိပ်မက်လေး ဆက်မက်ချင်လို့ပါ

မင်းနဒီခ

ရင်လွဲသူ

ထားခဲ့မှာလား
ကြားဝံ့သော နားတစ်စုံရှိလျှင် ငှားပါ
အရှူံးတွေနဲ့ပြန်လည်ချည်နှောင်ရင်း
မရနိုင်တာကိုမှ ပိုင်ဆိုင်ချင်ကြောင်း
အခါခါဆုတောင်းဖူးသည်
ရီဝေစို့လက်သော မျက်ဝန်းများ
ငါ့အား မည်သူအပိုင်စားပေးခဲ့ပါသလဲ
တကယ်ဆို
မာနကြီးလို့ရယ် မဟုတ်ပါဘူး
ကြယ်ကြွေပင့်သက် လင်းလက်မှိန်ဖျော့
မျက်ရည်တွေ ပုတ်ခတ်တားဖို့
ခေါင်းမော့ထားတာပါ
သူသာ အမြင့်ဆုံးရောက်မယ်ဆိုရင်
ကိုယ့်ကိုယ် ကိုယ်တောင် လှေကားထစ်လို
ခေါက်ချိုးပေးချင်တဲ့ကောင်မို့
ချစ်ခြင်းတရားကို စစ်ခင်းမယူချင်တော့ပေမဲ့
သူနမ်းမဲ့ ပန်းဘ၀ရဖို့
ရနံ့ ဖြစ်ခွင့်ပဲ ပေးပါ

မင်းနဒီခ

Thursday, April 19, 2012

ချစ်ခြင်းဖွဲ့ ဒီဇင်ဘာ

ဟိုးအဝေးကို လှမ်းကြည့်လိုက်စမ်းပါ ဒီဇင်ဘာ။ တိမ်တွေက ကောင်းကင်အလိုတော်အတိုင်း အတိုင်းအဆမဲ့ ဘယ်ဝယ်ဘယ်ဆီမသိ လွင့်မျောလို့။ အဲဒီလိုပဲ ငါ့မျှော်လင့်ခြင်းတွေလဲ လွင့်မျောလို့။ ဘယ်မှာဆုံးမလဲ။ ဘယ်အထိ မျောပါနေဦးမလဲ။ မင်းသိရင်ပြောပါ ဒီဇင်ဘာ။ မျှော်လင့်ခြင်းမှာ အနားသတ်ပါခဲ့ပါသလား ။ ပွင့်ဖတ်လေးတစ်ချပ်လောက် မဟုတ်ရင်တောင် အဲဒီပွင့်ဖတ် ပေါ်က လျောကျစီးဆင်းလာတဲ့ နှင်းစက်လေးတစ်စက်လောက်ဖြစ်ဖြစ်ပေါ့။ ငါ့မျှော်လင့်ချက်ကို အသက်ဆက်ခွင့်ပေးပါ။ ကြိုးရှည် ရှည်နဲ့လှန်ထားခွင့်ပေးပါ။ ဆောင်းဥတုက ကျီစယ်လှုပ်ခါချလိုက်တဲ့ နှင်းပွင့်လေးတွေဟာ မင်းပါ ဒီဇင်ဘာ။ ပြတင်းမှန်ကတဆင့် မြင်နေရတဲ့ စိမ်းလန်းအေးမြခြင်းတွေဟာ မင်းပါ ဒီဇင်ဘာ၊။ မင်းနဲ့ငါဟာ ရာသီတစ်ခုတည်းမှာ မဟုတ်ခဲ့ရင်တောင်မှ ကမ္ဘာတစ်ခု တည်းမှာ ရပ်တည်ခွင့်ရနေတဲ့သူတွေပေါ့ ။ ယာဉ်စွန်းတန်းတစ်ဖက်စီ ရောက်နေတာကလွဲလို့ ငါတို့ကမ္ဘာမခြားဘူး ကမ္ဘာမခြားပါဘူး ဒီဇင်ဘာ။ ကုတ်အင်္ကျီတစ်ထည်လို နွေးထွေးမှုနဲ့ လုံခြုံမှုတွေ ငါ့ကိုပေးပါ။ ပျော်ရွှင်ဖွယ်ရာ စိမ်းလန်းနေ့သစ်များ ငါ့ကိုပေးပါ။ ဖြစ်နိုင်ရင် ငါ့ကို ဆောင်းဥတုစစ်စစ်နဲ့ ဖန်ဆင်းထားတဲ့ ဒီဇင်ဘာစစ်စစ်ကို ပေးပါ။
ဒီဇင်ဘာ အခုညဟာ လရောင်ကိုခိုးသွားပြီ။ လေနှင်ရာတိမ်တွေ ညအမှောင်မှာ တရွေ့ရွေ့။ တရွေ့ရွေ့ မျောပါ နေတဲ့ တိမ်တွေ။ တစ္ဆေတစ်ကောင်လို ရှပ်တိုက်လွင့်မျော။ ဟော နှင်းတွေ နှင်းတွေ အမှောင်မှာ တလက်လက်နဲ့ ငါ့ပြတင်းမှန်တွေကို ထိုးခွဲ။ ဒီဇင်ဘာရေ ငါမျက်လုံးမှာ သွေးတွေ အလိမ်းလိမ်းနဲ့ ကျိန်းစပ်နေပေါ့။ ဒါပေမဲ့ ငါမငိုပါဘူး ဒီဇင်ဘာ။ သွေးထွက်တဲ့ ဒဏ်ရာထက် သွေးမထွက်တဲ့ ဒဏ်ရာက ပိုပြီးနာတယ်ဆိုတာ ချစ်တတ်ဖူးသူတိုင်းသိတဲ့ ဝေဒနာတစ်ခုပါပဲ။ ငါမငိုပါဘူး ဒီဇင်ဘာ။ ပျော်စရာက ဖန်တီးယူလို့ရတယ်။ ကြေကွဲစရာက ဘယ်လိုမှ လုပ်ယူလို့မရဘူး ဒီဇင်ဘာ ။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ပတ်သက်ရင် ပျော်စရာလဲ ငါတန်ဖိုးထားတယ်။ ကြေကွဲစရာလဲ ငါတန်ဖိုးထားတယ်။ မင်းခေါင်းက ပြုတ်ကြွေကျသွားတဲ့ သဇင်ပန်းခက်ကလေးတစ်ပွင့်လဲ ငါတန်ဖိုးထားတယ်။ မင်းပါးပြင်ပေါ်က ရနံ့ပြယ်သွားတဲ့ သနပ်ခါးရနံ့လေးလဲ ငါတန်ဖိုး ထားတယ်။ ဒီဇင်ဘာ ဒီဇင်ဘာ ဒီဇင်ဘာရေ ငါ့အော်သံကို ကြားရဲ့လား၊ ငါ့ရင်ထဲက အာခေါင်ခြစ်ပြီး မင်းနာမည်ကို အော်ခေါ် နေတဲ့ အသံကို ကြားရဲ့လား။ ငါဟာ ရက်စက်တဲ့ နှင်းရိုင်းတွေကြား လဲကျသွားတော့မယ့် အရှုံးသမားတစ်ယောက်လို အလဲလဲ အကွဲကွဲ။ ကျေးဇူးပြုပြီး ငါ့လက်ကိုတွဲပါ။ ငါပခုံးကို ဆွဲထူပါ။ ငါမျက်လုံးတွေကြားက တစက်စက်စီးကျနေတဲ့ ကြေကွဲနှင်းစက် တွေကို ဖယ်ရှားပေးပါ။ မင်းရှိတဲ့အရပ်ဆီမှာ ငါ့အတွက် ခိုနားစရာ တစ်နေရာပေးပါ။ တောင်းဆိုမှုတိုင်းဟာ ဘယ်လိုဆို့နစ်မှုမျိုး နဲ့မှ အသံအဖြစ် အပြင်ကို ထွက်မလာခဲ့။ အိုမာခရမ် ကတော့ ဒုက္ခနဲ့တစ်ခါကြုံတိုင်း ချစ်သူလက်ကလေး တစ်ခါကိုင်ခွင့် ရချင်တယ် တဲ့။ ငါဘာဆက်လုပ်ရမလဲ ဒီဇင်ဘာ။
ဒီဇင်ဘာ ခမ်းနားမှုတိုင်းဟာ ဘယ်တော့မှ ဒဏ်ရာနဲ့မကင်းဘူး တဲ့။ ငါ ရှေ့ဆက်ရမဲ့လမ်းဟာ မြူတွေ ရစ်ဆိုင်း မှိုင်းလို့ ညို့လို့။ ဘယ်လမ်းကို ငါရွေးရမလဲ ဒီဇင်ဘာ။ ဒီအချိန်ဆို ပိုင်အပ်တဲ့ အိပ်မက်တွေနဲ့ ဘုံအဆင့်ဆင့်မှာ မင်းပျော်နေ မှာလား။ သာယာညှင်းပျောင်းတဲ့ တေးသွားတွေနဲ့ ဖန်တီးထားတဲ့ ကပွဲတစ်ခုမှာ မင်းလူးလွန့်လှုပ်ရှားနေမှာလား။ ဘာပဲဖြစ်ဖြစ် မင်းကျေနပ်နေရင် ပြီးတာပါပဲ ဒီဇင်ဘာ။ မင်းရဲ့ အိပ်မက်တွေနဲ့ ကောင်းကင် တစ်ထောင်ကို ဖုံးလွှမ်းထားလိုက်ပါ။ မင်းရဲ့ ကကြိုးတွေနဲ့ ပွဲတော်တစ်ခုလုံးကို သိမ်းသွင်းဆွတ်ငင်ထားလိုက်ပါ။ မင်းရဲ့ လှုပ်ရှားမှုတိုင်းဟာ ကမ္ဘာရဲ့ လည်ပတ်မှု သီအိုရီကိုတောင် ရပ်တန့် သွားစေနိုင်တယ်ဆိုတာ မင်းကိုယ်မင်းလဲ သိမှာပါ ဒီဇင်ဘာ။ ငါဘယ်လမ်းကို ရွေးရမလဲ။ အခုငါဟာ ရိုဒင်ရဲ့ တွေးတောသူ(Thinker) ဆိုတဲ့ ကမ္ဘာကျော်ပန်းပုရုပ်တစ်ရုပ်လို ကိုယ် ဘာတွေးနေတာလဲဆိုတာ ပြန်လည်တွေး တော လို့။ ဘယ်လမ်းကို ငါရွေးရမလဲ။ ငါဟာ ပျံသန်းခြင်းကိုသာသိပြီး ဘယ်လို ခြေချရမယ်ဆိုတာကိုမသိတဲ့ ငှက်တစ်ကောင် လို။ ငါ ဘယ်လမ်းကို ရွေးရမလဲ။ ငါဟာ ယှဉ်ပြိုင် ရမယ်ဆိုတာသိပြီး ပန်းတိုင်ကို မသိတဲ့ တာဝေးအပြေးသမား တစ်ယောက်လို။ ဘယ်လမ်းကို ငါရွေးရမလဲ ဒီဇင်ဘာ။ ငါဟာ ချစ်ခြင်းကိုသာသိပြီး ချစ်ခြင်းရဲ့ အရသာကို ခံစားခွင့်မရသူ တစ်ယောက်လို။ ငါဘယ်လမ်းကိုရွေးရွေး မင်းနာမည်လေးကိုတော့ ကျောက်စိုင်ကျောက်သားထက်မှာ ဆက်ရေးနေဦးမယ် ဒီဇင်ဘာ။ မင်းဟာ ငါ့ဥတုသုံးလီရဲ့ နောက်ဆုံးဘုရင်မ။ ငါ့ဘ၀ရဲ့ အရှင်သခင်။ ငါ့ခြေလှမ်းတိုင်းရဲ့ ခြေဦးလှည့်ရာလမ်း။ ငါ့ဇာတ်လမ်းရဲ့ ဇာတ်သိမ်းခန်းအနမ်းပိုင်ရှင်။ ငါဆက်ဖွဲ့ဖို့ စကားလုံးမရှိလောက်အောင် လှတဲ့ ကဗျာတစ်ပုဒ်။ ဘယ်လိုဖြစ်ဖြစ် မင်းကျေနပ် အောင် နှုတ်ဆက်ရမယ်ဆိုရင်လဲ ငါကျေနပ်ရမှာပေါ့ ဒီဇင်ဘာ။ ငါ့အလွမ်းတွေကို စားသုံးပါ။ ငါ့ကြေကွဲမှုတွေကို ဆွတ်ယူ သိမ်းပိုက်ပါ။ ငါ့ရယ်သံတွေ ငါပြန်မကြားရတဲ့ အချိန်တိုင်း မင်းရယ်သံလွင်လွင်လေး ကိုသာ ငါမျှော်လင့် နေပါရစေ ဒီဇင်ဘာ။
ဒီဇင်ဘာရေ ဆောင်းညတွေဟာ မလိုချင်လဲဘဲ ရောက်လာခဲ့ပြန်ပြီပေါ့။ အိပ်မပျော်သူတစ်ယောက်အတွက်တော့ ဆောင်းညတွေဟာ အနက်ရောင် ရေခဲမြစ်ကို လက်ပစ်ကူးနေရသလိုပါပဲ။ ရှည်လျားအေးစက် သွေးခဲမတတ်ပေါ့။ ဆောင်းညတွေဟာ အေးစက်ခဲတောင့်နေတဲ့ သူ့ရဲ့ချွန်မြလက်သည်းတွေနဲ့ ငါ့ကိုကုတ်ခြစ်။ နှင်းအယောင်ဆောင်ထားတဲ့ နှင်းတွေ ငါ့အပေါ် တဖြုတ် ဖြုတ်ကြွေကျနေပုံများ သက်မဲ့တစ်ယောက်ကို ပုဝါဖြူဇာပါးပါးနဲ့ လွှမ်းခြုံဖုံးအုပ်ထားသလို ငါ့ကို အထပ်ထပ် အသက်ရှူကျပ်စေခဲ့။ ညမွှေးပန်းတွေရဲ့ရနံ့ဟာ ငါ့ကို မပြန်လမ်းဆွဲခေါ်နေသလိုမျိုး ညှို့တယ်။ ဘယ်မှာလဲ ဒီဇင်ဘာရေ မင်းဘယ်မှာလဲ။ အဲဒီလို လွမ်းလွမ်းဆွတ်ဆွတ် ငါခေါ်တယ်။ ဒါပေမဲ့ ဒီဇင်ဘာရေ ပဲ့တင်သံဟာ လာရာလမ်းအတိုင်း ငါ့ဆီကိုပဲ တည့်တည့်ပြန်လျှောက်လို့။ မင်းအရိပ် မင်းအရောင်ကိုတောင်မှ လရောင်က ဖုံးကွယ်ထားလို့ မြင်ခွင့်မရတဲ့ညပါပဲ။ လွမ်းလိုက်တာ ဒီဇင်ဘာ။ လွမ်းတယ်ဆိုတော့မှ ပြန်မရနိုင်မှန်းသိလို့ ပိုပြီးနှမြောတတ်ခဲ့သလိုပါပဲ။ ရှည်လျားသွယ်ပျောင်းတဲ့ မင်းလက်ချောင်းလေးတွေကိုလဲ နှမြောတယ်။ ဖြူစင် ရှင်းသန့်လွန်းတဲ့ မင်းရဲ့ လည်တိုင်လေးကိုလဲ နှမြောတယ်။ လမ်းမပေါ်ထင်ကျန်ရစ်တဲ့ မင်းရဲ့ ခြေရာလေးလဲ နှမြောတယ်။ နန်းတော်ရှေ့ဆရာတင်ရေးတဲ့ မင်းဂံဘုတ် သီချင်းထဲကလို ပိတုန်းရောင်ကေသာ ဖြန့်လိုက်ရင် တစ်ကိုယ်လုံး ဝေေ၀ဆာဆာလွင်လွင် လို့ ဆိုရလောက်အောင် လှပတဲ့ မင်းရဲ့ ဆံနွယ်လေးတွေကိုလဲ နှမြောတယ်။ မင်းရဲ့ ရွှန်းလဲ့ကော့ပြန့်နေတဲ့ မျက်တောင်လေးတွေ။ မင်းရဲ့ နီစွေးမြန်းနေတဲ့ နှုတ်ခမ်းလေးတွေ။ မင်းနဲ့ပတ်သက်ရင် နေ၀င်ချိန်ပျောက်ကွယ်သွားတဲ့ မင်းအရိပ်ကလေးကအစ ငါ နှမြောတယ်။ ပြီးတော့ ဘယ်သူပေးမှန်းမသိဘဲမင်းဖတ်ပြီးလုံးချေပစ်လိုက်တဲ့ ငါ့ကဗျာလေးတွေကိုလဲ နှမြောတယ်။ မင်းအိမ်ရှေ့ လွင့်ပျံ့ခဲ့ဖူးတဲ့ ငါ့သီချင်းသံလေးတွေကိုလဲ နှမြောတယ်။ မင်းမသိအောင် မင်းနောက်တကောက်ကောက်လိုက်ပြီး ငေးကြည့်ခဲ့ရတဲ့ ရက်စွဲတွေကိုလဲ နှမြောတယ်။ နှမြောတယ်ဆိုတာ နောင်တရလို့မဟုတ်ပါဘူး ဒီဇင်ဘာ။ ကိုညီထွဋ် သီချင်းထဲကလို အသစ်က ပြန်စလို့ရရင် ငါပြန်လိုချင်မိလို့ပါ။ မင်းနဲ့ ပတ်သက်ရင် ငါဟာ ကလေးတစ်ယောက်လို ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ဖိုးလမင်းဆီက တောင်းသလို တောင်းယူချင်ခဲ့မိသူပါ။ ဒါပေမဲ့ ငါမတောင်းရက်ခဲ့ပါဘူး ဒီဇင်ဘာ။ မင်းဆီမှာ ငါလိုချင်တဲ့ ချစ်ခြင်းမေတ္တာမရှိဘူး။ အပေါ်ယံရွှေမှုန်ကြဲထားတဲ့ အပြုံးတုပဲ ရှိတယ်။ ငါလိုချင်တဲ့ နွေးထွေး ကြင်နာမှုမရှိဘူး။ ရာသီလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ အနွေးထည်တစ်ထည်ပဲ ရှိတယ်။ ငါလိုချင်တဲ့ ငြိမ်းချမ်း အေးမြမှုမရှိဘူး။ ရေများရာလိုက်ရွာတတ်တဲ့ မိုးသားတွေပဲ ရှိတယ်။ ငါလိုချင်တဲ့ ဖြူစင်ရိုးသားမှုမရှိဘူး။ ဆေးရောင်စုံခြယ်ထားတဲ့ မျက်နှာနဲ့ အပေါ်ယံအရေပြားကို ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးတစ်ခုရှိတယ်။ ဒါပေမဲ့ ဒီဇင်ဘာရယ်။ အချစ်ဆိုတာ ငါ့အတွက်တော့ ချစ်တာသက်သက်ပါပဲ။ အလွမ်း ဆိုတာလဲ ငါ့အတွက် လွမ်းတာသက်သက်ပါပဲ။ ငါချစ်ခဲ့ငါလွမ်းခဲ့တယ်ဆိုတာ မင်းမသိလောက်အောင်ပဲ တိတ်တိတ်ဆိတ်ဆိတ် လေး ငါချစ်ခဲ့လွမ်းခဲ့တာပါ။ ဒါပေမဲ့ ငါမျှော်လင့်ခဲ့တယ် ဒီဇင်ဘာ။ အဲဒီငါ့မျှော်လင့်ချက်တွေဟာ ဘယ်လိုအရောင်တွေနဲ့မှ တံဆိပ်ကပ်မထားတဲ့ အဖြူထည်သက်သက် မျှော်လင့်ချက်တွေပါ။ ငါလိုချင်တဲ့အရာတွေ မင်းဆီမှာ ရှိလာတဲ့တစ်နေ့ ငါ့အချစ် တွေကို မင်းတွေ့ရလိမ့်မယ် ဒီဇင်ဘာ။ အခုတော့ ငါဟာ မင်းမမြင်နိုင်တဲ့ မင်းရှေ့ တစ်နေရာရာမှာ။ မင်းမကြားနိုင်တဲ့ စကားတွေပြောရင်း။ တိတ်တဆိတ်လေး မင်းနာမည်ကို ငါရင်ဘတ်မှာ ရေးရင်း။ ဒီဇင်ဘာရဲ့ ဆောင်းညအိပ်မက်ဆိုးတစ်ခုကို မနိုးမချင်းမက်ရင်း။ ငါမျှော်လင့်နေမယ်။ အဲဒီမျှော်လင့်ခြင်းတွေဟာ ကောင်းကင်မှာ အတိုင်းအဆမဲ့ မျောပါနေတဲ့ တိမ်တိုက် တွေလို ဘယ်ဆီဘယ်ဝယ်အထိအဆုံးအစမဲ့ မျောလွင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီဇင်ဘာရယ် ။ တစ်နေ့နေ့တော့ ငါဆီကို ဆောင်းဥတုစစ်က ဖန်တီးထားတဲ့ ဒီဇင်ဘာစစ်စစ်လေးကို ပိုင်ဆိုင်ခွင့်ရမယ်လို့ ငါယုံကြည်နေမိတယ်။

မင်းနဒီခ
Download PDF File At -- Ifile, Media Fire, Ziddu

ကျွန်တော်နှင့် ဧပရယ်ပိတောက်ဖူး ရည်းစားဦး

မနေ့ညက မိုးတပေါက် နှစ်ပေါက်ကျသည်။ မနက်ဖြန် ပိတောက်တို့ ပွင့်မည်လား။ သေချာတာ တစ်ခုကတော့ အိမ်ရှေ့ခြံဝင်းအတွင်း ပိတောက်ရွက်ကြွေတို့သည် နွေဦး၏ လေတဖြူးဖြူးဖြင့် အလိုက်သင့် လိုက်ပါစီးမျော ဆော့ကစားနေပေလိမ့်မည်။ သက်တမ်းကြာရင့်လှပြီဖြစ်သော ပိတောက်ပင်အိုပေါ်တွင် ဟောင်းနွမ်းရွက်ဝါတချို့၊ ဖူးသစ် စ ပိတောက်ရွက် စိမ်းမြ တချို့။ ဝန်းကျင်က အုံ့မှိုင်း၊ ပြာမှိုင်းကာ လဲ့ရီ၊ အရာရာသည် မပီဝိုးဝါးသော ရေဆေးပန်းချီကား တစ်ချပ်လို။ မကြာမီ သင်္ကြန်သီချင်းသံများအား နေရာတိုင်းအနှံ့ ကြားရပေဦးတော့မည်။ တစ်နှစ်တစ်ခါ အမှီ သင်္ကြန် ရောက်ပြန်လေပြီပေါ့။ အတာနှစ်ကူး ပန်းပိတောက်ဖူးတို့ ပွင့်ကြရှာမည်ပေါ့။
မနေ့ညက မိုးတစ်ပေါက် နှစ်ပေါက်ကျသည်။ အခါမဲ့ မိုးလား၊ အတာအတွက်မိုးလား မသိတတ်။ အိမ်ခေါင်မိုးပေါ် သို့ မိုးစက်တို့ တစက်စက်ထိမှန်သံမှာ မကြားရတာကြာပြီဖြစ်သော တေးသွားတစ်ပိုဒ်ကို နားထောင်ရသလို ခံစားရသည်။ တစ်ချက် တစ်ချက် တွင် ကြားလိုက်ရသော မိုးခြိမ်းသံသည် ဟိုးအဝေးကနေ တဖြည်းဖြည်းနီးလာသလို။ ကျေးဇူးပြု၍ နံဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ဇနီးသည်အား မနိုးပါစေနှင့်။ သူ၏ ထွက်သက် ဝင်သက် ရှူထုတ်လိုက်သော လေနုအေးကလေးမှာ ကျွန်တော့် လက်မောင်းပေါ်သို့ ညင်းညင်းပျော့ပျော့ လာရောက် ရိုက်ခတ်နေသည်။ ကလေး ဆန်ဆန် အပြစ်ကင်းစင်စွာ အိပ်မောကျနေသော သူမသည် ကျွန်တော့်အတွက် နောက်ဆုံးချစ်သူ ဖြစ်ခဲ့သော်လည်း ပထမဆုံး ရည်းစားဦးမဟုတ်ခဲ့သည်ကို သိလျှင် ကျွန်တော်ကို စိတ်ဆိုးသွားမည်လား။ ပိတ်ထားသော တံခါးများကို ဖွင့်လိုက်ပါ။ မိုးနှင့် ဆောင်းက သော့ခတ်ပိတ်လှောင်ထားသော နွေဦးကို လွတ်လပ်စွာ ပျံသန်းပါစေ။
မနေ့ညက မိုးတစ်ပေါက် နှစ်ပေါက် ကျသည်။ မနက်ဖြန် ပိတောက်တို့ပွင့်မည်လား။ မပြောတတ်ပေမဲ့ မနက်မိုးလင်းတာနှင့် အိပ်ယာအစောကြီးထပြီး ပိတောက်ပင်ကြီးကို မော့ကြည့် ရဦးမည်။ ထိုပိတောက်ပင်ကြီးမှာ ကျွန်တော်ထက် အသက် အနည်းငယ်ကြီးသော်လည်း ကျွန်တော် မွေးပြီးမှ တစ်စထက်တစ်စ ရှင်သန်ဖွံ့ထွားလာသည်ဟု အမေက ပြောဖူးသည်။ ထိုထက် ပိုထူးဆန်းသည်မှာ ထိုပိတောက်ပင်လေးသည် အခြားပိတောက်ပင်များကဲ့သို့ မဟုတ်ဘဲ အပင်အတော်ကြီးရင့်လာချိန်ထိတိုင် ပိတောက်ပန်းများ မပွင့်သည့်အပြင် ပိတောက်ဖူးတောင် မဖူးသည်မှာ အံ့သြစရာ ကောင်းလွန်းသည်။ ပတ်ဝန်းကျင်ကတော့  ဒီပိတောက်ပင်ကြီးက အပွင့် ပွင့်သော ပိတောက်ပင်မျိုးမဟုတ် အပွင့် မပွင့် သော ပိတောက်ဖိုပင်ကြီးဟု သမုတ်ကြသည်အထိ လုံးဝ ပိတောက်မပွင့်မဖူးသော အပင်ကြီးဖြစ်သည်။ အခြားပိတောက်ပင်များ ပင်လုံးကျွတ် ဝါထိန်နေအောင် ပွင့်ကြသည့်အချိန်တိုင်း ကျွန်တော့်မှာ ထိုပိတောက်ပင်ကြီးပေါ် မော့ကြည့် ရသည်မှာ အမော။ သို့ပေမဲ့ ထိုပိတောက်ပင်ကြီးကတော့ မပွင့်ရေးချ မပွင့်၊ မဖူးရေးချ မဖူး။ ဒီလိုနဲ့ တစ်နှစ်မှ တစ်နှစ် ကူးခဲ့သည်။ ရွက်ဟောင်းညှာကြွေ တပေါင်းနွေဦး ဒီတစ်နှစ်အကူးမှာ ဘယ်သူတွေ ရူးကြမည်လဲ။
မနေ့ညက မိုးတစ်ပေါက် နှစ်ပေါက်ကျသည်။ မနက်ဖြန် ပိတောက်တို့ပွင့်မည်လား။ အရင်ရက်များက မည်သူက ပြောလိုက်သည်မသိ။ တစ်ခါဖူးမျှ ပိတောက်ပန်းများ မပွင့် မဖူး ဖူးသော ထိုပိတောက်ပင်ကြီးကို ရည်းစားစကားပြောလျှင် ပိတောက်ပန်းများ ပွင့်လိမ့်မည်ဟု ရှေးစကားရှိဖူးကြောင်း ကြားရသည်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ။ ထိုသတင်းသည် ကျွန်တော်တို့ ရပ်ကွက်လေးအတွင်းတွင် သင်္ကြန်မရောက်မီ အထူးသတင်းအဖြစ် ရေပန်းစားလျှက်ရှိသည်။ ကျွန်တော်တို့ တစ်အိမ်လုံးတွင်လည်း လူပျိုယောင်္ကျားလေးဆို၍ လက်ချိုးရေတွက်စရာ မရှိလောက် အောင် ကျွန်တော် တစ်ယောက်တည်း ရှိသည်။ ထို့ကြောင့် အရွယ်ရောက်၍ လူပျိုပေါက်ဖြစ်နေသော ကျွန်တော့်ခမျာ ဘယ်သူမှ တာဝန်မပေးရဘဲ တာဝန်လုံးလုံးရှိနေသည့် သဘော။ တွေးကြည့်လျှင် နည်းနည်းလဲ ရယ်စရာ ကောင်းသည်။ ထိုပိတောက်ပင်ကို ကောင်မလေး တစ်ယောက်အမှတ်ဖြင့် ရည်းစားစကားပြောရတာ ထားပါတော့။ ပိတောက်ပင်ကြီးက အမပင်မဟုတ်ဘဲ အဖိုပင်ကြီး ဖြစ်နေလျှင် ကျွန်တော့်မှာ ယောင်္ကျားချင်း ရည်းစားစကားပြောရသလိုဖြစ်နေလိမ့်မည်။ အမေက တော့ပြောသည်။ ငါ့သား မပြောချင်ရင်လည်း ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ကို ခေါ်ပြီး ပြောခိုင်းမည်တဲ့။ အဲဒီလိုတော့ ကျွန်တော် မလုပ်ချင်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ ထိုပိတောက်ပင်ကြီးက အမပင်ဖြစ်နေလျှင် ကျွန်တော့်အိမ်ထဲဝင်ပြီး ကျွန်တော်ပိုင်သော ပိတောက်ပင် ကို ရည်းစားစကား အပြောခံရလောက်အောင် ကျွန်တော် သဘောထားမကြီး။ ထိုညက ပိတောက် ပင် ကြီးအကြောင်း စဉ်းစားရင်း ကျွန်တော် တစ်ညလုံး အိပ်မပျော်။ လရောင်ညမှာ လက်ပစ်ကူး၊ ပိတောက်ပန်းဖူး လတန်ခူး၊ ဆုပ်လဲဆူးတော့ စားလဲရူးပေါ့။
မနေ့ညက မိုးတစ်ပေါက် နှစ်ပေါက် ရွာသည်။ မနက်ဖြန် ပိတောက်တို့ပွင့်မည်လား။ ပိတောက်ပင်ကြီးကို ရည်းစားစကားပြောခဲ့စဉ်တုန်းက မရှက်ပေမဲ့ ပြန်စဉ်းစားကြည့်တော့ ရှက်မိ သည်။ ပိတောက်ပင်ကြီးက အဖိုပင်ကြီး ဖြစ်နေမှာလား။ ဒါမှမဟုတ် အမပင်ဖြစ်ခဲ့ရင်လည်း ကျွန်တော် ပြောတဲ့ ရည်းစားစကားကို လက်ခံပါ့မလား။ တွေးရင်းနှင့် ရင်တွေတောင် ခုန်လာသည်။ နှစ်ကာလကြာမြင့်စွာ ပိတောက်ပန်းများ မပွင့် မဖူးသော ဒီပိတောက်ပင်ကြီးက ကျွန်တော် ပြောလိုက် သည့် ရည်းစားစကား ကြောင့် ပိတောက်ပန်းများ ပွင့်လာမည်ဆိုလျှင် တော်တော် အံ့သြစရာကောင်းသော တိုက်ဆိုင်မှုတစ်ခု သို့မဟုတ် ထူးဆန်းမှုတစ်ခု ဖြစ်လာပေလိမ့်မည်။ မကြာမီ သင်္ကြန်ရောက်တော့မည်။ နေရာအနှံ့ ဖွင့်နေသော သင်္ကြန်သီချင်းသံများကို ကြားနေ ရသည်ကိုက သင်္ကြန်ဇာတ်လမ်းကို ပိုမို ဇာတ်ရှိန်မြင့်စေသည်။ တချို့ နေရာများတွင် အခါမရောက်မီ ပွင့်သော ပိတောက်ပန်းများဖြင့် အမျိုးသမီးတော်တော်များများ၏ ဆံနွယ်များသည် အစွမ်းကုန် ဝါထိန်လှပနေကြသည်။ ထိုအမျိုးသမီးများသည်လည်း ပိတောက်ပန်း ပန်ထားမှ ပိုဂုဏ်တက်သည်ဟု ထင်ရ လောက်အောင် တစ်ယောက်နှင့် တစ်ယောက်အပြိုင်အဆိုင် လှအောင်ပန်ထားကြသည်။ ထိုအမျီုးသမီးများ ´ ဧပရယ်နွေလ သင်္ကြန်ညမှာ ပိတောက်တစ္ဆေအခြောက်ခံရမှာ မကြောက် ကြဘူးလားဟု ဆရာသခွပ်နီရေးသော ကဗျာထဲကလို မေးလိုက်ချင်သည်။ ဘယ်လိုဖြစ်ဖြစ် ပိတောက်သည် အတာသင်္ကြန်၏ အထိမ်းအမှတ်။ သင်္ကြန်သည်လည်း ပိတောက် မပါလျှင် မပြည့်စုံ။ `တစ်နှစ်တွင် သည်တစ်လပေပါ့၊ တစ်လတွင် သည်တစ်ရက်ထဲ၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း´ ဟု ကဗျာစာဆို ဦးကြော့ ရေးသားခဲ့သလို နှစ်စဉ်နှစ်တိုင်း ပိတောက်တွေ ၀ါထိန်နေအောင်ပွင့်ခဲ့ပေမဲ့ ကျွန်တော့်ပိတောက်ပင်ကြီးမှာတော့ ပိတောက်တွေ ပွင့်ရသည်မှာ ခက်ခဲလွန်းခဲ့သည်လား။ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်အကူးအပြောင်း အဘိုးက အဘွားကို ပန်ပေး ခဲ့တဲ့ ပိတောက်အ၀ါ ၊ အဖေက အမေ့ကို ကိုင်းချိုးပေးခဲ့တဲ့ ပိတောက်အ၀ါ ၊ ကျွန်တော် အလှည့် ကျမှ အဲဒီပိတောက်အ၀ါ ပွင့်ဖိုခဲယဉ်းခဲ့ပါသလား။ မမြင်ခင်ကတည်းက စိတ်ကူး ထဲလှနေတဲ့ အ၀ါ၊ မပွင့်ခင်ကတည်းက တစ်ပင်လုံးဆွတ်ပျံ့နေတဲ့ ရနံ့အ၀ါ၊ သစ္စာတရားနဲ့ ယှက်ဖောက်ချိတ်ဆွဲ ထားသော ပန်းများ။ ´ခူးချင်စမ်းပါနဲ့၊ နှစ်ဆန်းခါတော်မီမို့၊ ဇမ္ဗော်ရည်ပြေပြေလိမ်းခါပါ့၊ ခပ်သိမ်း နယ်စုံစုံသို့၊ ပွင့်ငုံကို လင့်ကုန်ကြတော့လို့၊ ခေါင်းကြွကာ ဆာဝေေ၀နဲ့၊ သူလဲလေ လောကီသားပေမို့၊ ကြွားချင်ရှာပေလိမ့်မယ်´ လို့ ဆရာဇော်ဂျီရေးသားခဲ့သလို ကျွန်တော့် ပိတောက်ပင်ကြီးကိုလဲ ကြွားစေချင်ပါသည်။
မနေ့ညက မိုးတစ်ပေါက် နှစ်ပေါက်ကျသည်။ မနက်ဖြန် ပိတောက်တွေပွင့်မည်လား။ လေပြည်တစ်ချက်အဝှေ့မှာ ပိတောက်ရနံ့သင်းသင်းကို ဖျက်ကနဲ့ ရသည်။ မိုးကား မလင်း တတ်သေး။ သင်္ကြန်မတိုင်မီ မနက်ခင်းလေးသည် နွေဦးကို ဆန့်ကျင်စွာ လေပြေတသွေးသွေးနှင့် အေးမြနေခဲ့သည်။ နံဘေးတွင် အိပ်ပျော်နေသာ ဇနီးသည် မနိုးအောင် ခြေသံကိုဖွဖွနင်းထွက်လျှက် အိမ်ပြတင်းတံခါးကို ဖွင့်လိုက်သည်။ အိမ်ရှေ့ခြံဝင်းလေးထဲတွင် ပိတောက်ကြွေရွက်ဝါများ နွေဦး၏ လေတဖြူးဖြူးနှင့်အတူ အလိုက်သင့်မျောပါ ဆော့ကစားလျှက်။ အမှတ်တမဲ့ ပိတောက်ပင်ပေါ်ကို မော့ကြည့် လိုက်မိသည့်အခါ `အ၀ါ´ ။`ရွှေရောင်တွေ ကျဲပက်ထားသလို တစ်ပင်လုံး ညွတ်ကျနေတဲ့ `အ၀ါ´ ။ တကယ့်ကို အ၀ါရောင်ပိတောက်ပန်းတွေနဲ့ ကျွန်တော့် ပိတောက်ပင်ကြီးက တစ်ပင်လုံးဝါထိန်တောက်ပလို့။ မေမေရေ ကျွန်တော်တို့ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေလေ။ ၀င်းလို့ ထိန်လို့ ပင်လုံးညွတ်ပွင့်လို့ပေါ့။ ပိတောက်ပင်ကြီးအောက်မှာ ကျွန်တော် တစ်ယောက်တည်း ကြည်ကြည်နူးနူးရပ်ပြီး ပိတောက်ပင်ကြီးကို မော့ကြည့်နေမိသည်။ အိမ်ဘက်ဆီ လှည့်ကြည်လိုက်တော့ ကျွန်တော့်ပျော်ရွှင်မှုကို ကြည်နူးစွာ ရပ်ကြည့်နေသော ဇနီးသည်ကို တွေ့ရသည်။ ကျွန်တော် သူမဆီ ပြေးသွားပြီး သူမကို ဖက်ထားမိသည်။ ပြီးတော့ သူမကို လေသံတိုးတိုးဖြင့် ပထမဆုံးသော ပိတောက်ခက်လေးတစ်ခက် ခူးပြီး ပန်ပေးမည်ဟု ပြောလိုက်သည်။ ကျေးဇူးပြုပြီး ထိုဧပရယ် ပိတောက်ဖူးလေးများသည် ကျွန်တော့် ၏ အချစ်ဦး ဖြစ်ကြောင်းမပြောလိုက်ပါနှင့်။
မနေ့က မိုးတစ်ပေါက် နှစ်ပေါက်ကျသည်။ မနက်ဖြန်တွင်ရော ပိတောက်တွေ ပွင့်ပါဦး မည်လား။

မင်းနဒီခ
Instyle Magazine
Download PDF File At -- Ifile, Media Fire, Ziddu

နွေဦး၊ သစ်ရွက်များနှင့် အိပ်ယာထနောက်ကျသော ထိုနေ့

ထိုနေ့က နွေရောက်ပြီဟု အမေက ပြောသည်။ နွေရောက်လျှင် လုပ်စရာ အလုပ်များ ကျွန်တော့်တွင် ခပ်များများမရှိပါ။ သို့သော် မန္တလေးမှ မော်ဒန်ဝတ္ထုတိုကဗျာဆရာ နေမျိုးကတော့ နွေဦးရောက်လျှင် လုပ်စရာ ခပ်များများရှိသည်ကို ကဗျာတစ်ပုဒ်ထဲတွင် ရေးသားထားတာ ဖတ်ခဲ့ရဖူးသည်။ ဆရာနေမျိုး လုပ်ပြီးပါပြီလား။ ဘယ်လိုဖြစ်ဖြစ် ထိုနေ့က နွေဦးရောက်ခဲ့သည်မှာ အသေအချာဖြစ်သည်။ ထိုနေ့က ကျွန်တော် အိပ်ရာထနောက်ကျသည်။ ထိုနေ့က အိမ်ရှေ့ပိတောက်ပင်တွင် ပိတောက်ပန်းများပွင့်သည်။ ထိုနေ့က အိမ်နံဘေးရှိ သရက်ပင်မှ သရက်ကင်းသီးလေးများ တဖြုတ်ဖြုတ်ကြွေကျသည်။ ထိုနေ့က သစ်ရွက်တို့ မည်သို့မည်ပုံ ကြွေကျခဲ့မှန်း ကျွန်တော် သတိမရ။ ထိုနေ့က ကျွန်တော်အိပ်ရာထနောက်ကျသည်။ ထိုနေ့အိပ်ရာထနောက်ကျသည်ဟုပြောရသော်လည်း ထိုနေ့က ကျွန်တော် အိပ်ရာဝင်ခဲ့သည်မှာ သေချာခဲ့ရဲ့လား မပြော တတ်ပါ။ ထိုနေ့က မှတ်မှတ်ရရ ကျွန်တော် မည်သည့်အရာကိုမှ သတိမရခဲ့။ ထိုနေ့က ကျွန်တော်မှတ်မိသည့်အရာများထဲတွင် မနက်ခင်းစောစောစီးစီး လေပြည်တဖြူးဖြူးတိုက်ခတ်နေသည်။ အိမ်အပြင်တွင် သစ်ရွက်တို့ ရှပ်တိုက်ပြေးလွှားသံကို ကြားနေရသည်။ ဖျတ်ကနဲ့ နိုးလာသော်လည်း အိပ်ချင်စိတ်ရှိနေသဖြင့် ကုတင်ခြေရင်းတွင် ပြုတ်ကျနေသော စောင်ကို ပြန်ကောက်ခြုံကာ မျက်လုံးများဇွတ်အတင်းမှိတ်၍ အတင်းအိပ်ပစ်ခဲ့သည်။ နားထဲတွင် သင်္ကြန်သီချင်းသံ သဲ့သဲ့ တိုးတိုး လေးကြားနေရသည်။ သို့သော် တူးပို့သံမကြားရ။ သင်္ကြန်ရောက်ပြီလား။ အိပ်မက်လေလား။ ဝိုးတဝါးမသိစိတ်ထဲတွင် ပိတောက်ရနံ့ ခပ်ပါးပါးကိုပါ ခံစားရသည်။ ကျွန်တော်တွင် မနှစ်ကပေး၍ ရေတွေစိုလို့ပျက်သွားသော ကောင်မလေး တစ်ယောက်၏ လိပ်စာမရှိပါ။ အဆိုတော်၊ရုပ်ရှင်၊ ဗွီဒီယိုနှင့် သင်္ကြန်မင်းသားကြီး ကိုဇော်ဝမ်းတွင် ရှိသည်။ သူရော ထိုလိပ်စာ ပိုင်ရှင်ကောင်မလေးကို ရှာလို့ တွေ့ပါပြီလား။ တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ထိုနေ့က နွေရောက်ပြီဟု အမေက ပြောသည်။ ထိုနေ့က ကျွန်တော် အိပ်ရာထ နောက်ကျသည်။ ထို့ကြောင့် အိပ်ရာထကာစတွင် မည်သည့် အရာကိုမှ ကျွန်တော်သတိမရ။ မှတ်မှတ်ရရ ထိုနေ့က ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့် အိမ်ဝင်းထဲတွင် သစ်ရွက် ကြွေများဖြင့် လှလှပပရှုပ်ပွနေသည်ကို တွေ့ရသည်။ ထိုနေ့က ခြံထဲ လှည်းကျင်းသန့်ရှင်းစရာ တံမြက်စည်းပျောက်နေခဲ့ခြင်းနှင့် ကျွန်တော့် တွင် တံမြက်စည်းရှာဖွေလိုစိတ်မရှိခြင်းတို့ တထပ်တည်း ကျ နေခဲ့ခြင်းမှာလည်း မှတ်မှတ်ရရ။ ထိုနေ့က သစ်ရွက်တို့ လေစီးထဲ မျောလွင့်နေပုံကိုကြည့်ရသည်မှာ ကိုယ်တိုင် လေစီးထဲတွင် လိုက်ပါ လွင့်မျောရသလို ခံစားမိသည်။ သစ်ရွက်များအကြောင်း ကဗျာအက်ဆေးတစ်ပုဒ်ရေးရလျှင် ကောင်းမည်ဟု စဉ်းစားမိသော် လည်း ထိုနေ့က ကျွန်တော် မရေးဖြစ်ခဲ့။ မရေးဖြစ်ခဲ့ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တွင် သစ်ရွက်များနှင့် ပတ်သက် သည့် ကဗျာအက်ဆေး တစ်ပုဒ်တလေမှ ရှိမနေခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် သစ်ရွက်များအကြောင်း ကဗျာတစ်ပုဒ် လောက်တော့ ကျွန်တော် စိတ်လက်ပျော်ရွင် ရှိနေချိန်မှာ ရေးဦးမည်ဟု စဉ်းစားထားပါသည်။ နွေဦးကတော့ ထိုနေ့က အမှန်တကယ် ရောက်ရှိခဲ့ပါသည်။ အိမ်အပြင်တွင် လေတဖြူးဖြူးတိုက်ခတ်နေသော်လည်း မိုးလင်းစ နေအပူရှိန်သည် အနည်းငယ် ပိုပူပြင်းလာ တာလဲ အမှန်တကယ်ပင် ဖြစ်သည်။ အိမ်ရှေ့ခြံဝင်းထဲတွင် ပိတောက်ရွက်ကြွေများ၊ သရက်ပွင့်များ၊ သရက်ကင်းသီးများဖြင့် လှလှပပ ရှုပ်ပွလျက်။ ထိုစာကြောင်းများကို အပေါ်ဘက်တစ်နေရာရာတွင် ရေးသားမိခဲ့သလိုရှိသော်လည်း ကျွန်တော်တွင် ထပ်မံရေးသား လိုစိတ်ရှိနေသဖြင့် သည်းခံဖတ်ပေးပါရန် ကြားဖြတ်တောင်းပန်ချင်ပါသည်။ ထိုနေ့က အကြောင်းများကို ကျွန်တော် သတိမရတော့သည်မှာ ကြာပြီဖြစ်သည်။ ထိုနေ့က ကျွန်တော်အိပ်ရာထ နောက်ကျခဲ့ခြင်းအကြောင်း ကျွန်တော်ထပ်မံ မရေးတော့ပါ။ သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေနေကြာင်းလဲ ကျွန်တော်မရေးတော့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့က နွေရောက်ပြီဟု အမေ မပြောတော့။ အမေနှင့် ကျွန်တော် ခွဲနေရတာကြာပြီ ဖြစ်သည်။ ယခုထက်ပိုပြောရလျှင် လွန်ခဲ့သော နှစ်များ နွေဦးရောက်ခါစ ကာလများကတည်းက အမေ၊ အဖေ၊ညီလေးများနှင့်ပါ ခွဲနေရတာ ကြာပြီ ဖြစ်သည်။ ခွဲခွာစ နေ့ရက်များတွင်တော့ အဖေ၊ အမေနှင့် ညီလေးများကို မေ့နေကြောင်း ဝန်ခံပါသည်။ သို့သော် ယခုလိုနွေဦးရောက်သည်နှင့် ကလေးဘဝကတည်းက နေခဲ့ရသော အိမ်လေးနှင့် အမေ့ကို အရမ်းသတိရပါသည်။ ထိုစဉ်က နွေရောက်ပြီဟု အမေ မပြောသော်လည်း ကျောင်းများပိတ်ချိန်ဖြစ်၍ နွေရောက်မှန်း ကျွန်တော် သိသည်။ အတော်အတန်ကျယ်ဝန်းသော အမေ့၏ ဘိုးဘွားပိုင်မြေကွက်လေးထဲမှာ ကျွန်တော်တို့ ကလေးများ ကျယ်ကျယ်လွင့်လွင့် ကစားနိုင်စေရန်အတွက် လုံလောက်သည့် အပြင် ဆီးဆော၊ လွှဲဒန်း၊ မနိမ့်မမြင့် ဆင်ထားသော လျှောများရှိသဖြင့် ကျောင်းပိတ်ပြီ ဆိုသည်နှင့် အမေ့အိမ်လေးထဲတွင် ကလေးများဆော့ကစားသံဖြင့် ဆူညံနေလေ့ရှိသည်။ ထို့ပြင် အမေ့အိမ်လေး ထဲမှာ နွေရောက် တိုင်း သရက်သီးတွေ ပြွတ်သိပ်နေအောင် သီးလေ့ရှိသည့် သရက်ပင်လေးတစ်ပင်လဲ ရှိသည်။ ထိုသရက်ပင်လေးကို အဖေကိုယ်တိုင် စိုက်ထားခြင်း ဖြစ်သည်။ ထို့ပြင် အဖေက ထိုသရက်ပင်လေးမှာ အဖေကိုယ်တိုင်ဖြစ်ပြီး ထူထူထဲထဲအုံ့ဆိုင်းနေသော သရက်ရွက် များမှာ အမေဖြစ်သည်ဟု ပြောသည်။ ထို့နောက် အပင်ပေါ်သို့ လက်ညှိုးညွှန်ပြပြီး အဲဒီ သရက်သီးလေးတွေဟာ သားတို့ပေါ့ လို့ အဖေကပြောလိုက်တဲ့အခါ ကျွန်တော်က အဖေ ကျွန်တော်က အချဉ်သီးမဟုတ်ဘူး၊ အချိုသီးနော်လို့ ပြောတော့ အဖေက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေခဲ့သည်။ အခုတော့ သရက်ပင်နှင့် သရက်သီးလေးများ တကွဲတပြားစီ ဖြစ်နေခဲ့သလို အဖေ ကိုယ်တိုင်တောင်မှ ဒီသရက်ပင်လေးရဲ့ အဝေးမှာ ရောက်နေပြီ ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် နွေကတော့ အမှန်တကယ် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ကျွန်တော့်မှာ နွေဦးပေါင်းမည်မျှ ပိုင်ဆိုင်ခဲ့ဖူးကြောင်း ခိုင်မာသည့် အထောက်အထားမရှိခဲ့ပေမဲ့ ကျွန်တော့် ချစ်သူတွင်တော့ နွေဦးသုံးလီ ဟု ခေါင်းစဉ်တပ်ထားသော ကဗျာလေးတစ်ပုဒ် ပိုင်ဆိုင်ထားပါသည်။ ထိုကဗျာလေးအား ကျွန်တော်တို့ ချစ်သူ့သက်တမ်း သုံးနှစ်အမှတ်တရအဖြစ် ကျွန်တော်ရေးပေးထားခြင်း ဖြစ်သည်။ ယခုအခါ နွေဦး ဘယ်နှလီ ရှိနေပြီလဲ။ ထိုနေ့က အဲဒီမေးခွန်းကို ချစ်သူအား ကျွန်တော်မေးခဲ့သော်လည်း သူမက မည်သို့ပြန်ဖြေခဲ့မှန်း ကျွန်တော် စဉ်းစားမရခဲ့။ အဘယ်ကြောင့်ဆိုသော် ထိုနေ့က ကျွန်တော်အိပ်ယာထ နောက်ကျသည်။ အိပ်ယာထ နောက်ကျသောကြောင့် ခေါင်းများအုံခဲကာ ထို့နေ့က အကြောင်းများအား ကျွန်တော်စဉ်းစားမရခဲ့။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော့် မှတ်ညဏ်ထဲတွင် သတိရတာ တစ်ခုတော့ရှိသည်။ ထိုနေ့က လေပြည်များ တဖြူးဖြူးတိုက်ခတ်နေသံကို ကြားရပြီး အိမ်ပြတင်းတံခါးအား ဖွင့်လိုက်သည့်အခါ ပိတောက်ရွက်များ၊ သရက်ကင်းသီး များဖြင့် အိမ်ရှေ့ခြံဝင်းလေးသည် လှလှပပ ရှုပ်ပေပွလျှက်ရှိသည်။ ထို့ပြင် ထိုနေ့ကေ နွေ ရာ က်ပြီ ဟု အမေ ပြောသံ ကြားလိုက်သည်။ ။


မင်းနဒီခ
Download PDF File At -- Ifile, Media Fire, Ziddu

အညတြကောင်းကင်ရဲ့ အလင်းကြွေလတစ်စင်း

ကောင်မလေးရေ မင်းဟာ မင်းရဲ့ မျက်တောင် တခတ်မှာတင် အလှတရားအားလုံးကို မှေးမှိန်စေခဲ့သူ။ မင်းရဲ့ ခြေတစ်လှမ်းမှာ ရင်နင့်အောင် လွမ်းစေတတ်ခဲ့သူ။ မင်းရဲ့ အကြည့်တစ်ချက်မှာ နှလုံးသားကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကွဲအက်စေခဲ့သူ။ မင်းရဲ့ စကားချိုချိုမှာ ရင်ခွင်တစ်ခုလုံးကို မျက်ရည်စိုခဲ့စေသူပါ။ ငါကိုယ်တိုင်လည်း သူလိုကိုယ်လို လူတစ်ယောက်ပါပဲ ကောင်မလေးရယ်။ မင်းရှေ့မှောက်မှာ ရင်ကွဲနေတဲ့ ပုစဉ်းတစ်ကောင်လိုမျိုး ` ချစ်တယ် ချစ်တယ်´ လို့ အသံကျယ်ကျယ်နဲ့ မမြည်ကြွေးခဲ့တာ တစ်ခုပါပဲ။ တကယ်တမ်း မကွယ်မ၀ှက်ပြောရရင် မင်းဟာ ငါ့အိပ်မက်ရဲ့ ၀ိဥာဉ်။ ငါ့သီချင်းများရဲ့ အလင်္ကာ။ ငါ့ ဒဏ္ဍာရီထဲက နတ်သမီး။ ငါ့ဥတုသုံးပါးရဲ့ နွေဦးပွင့်သစ်၊ မိုးစက်သံစဉ်၊ အိပ်မက်မြူခိုး။ နတ်ဆိုးတွေ ၀န်းရံထားတဲ့ ငါ့ရဲ့ အာသာဝတီမျိုးဆက်နောက်ဆုံးပန်းပွင့်။ ငါ့ရဲ့။ ဒီလိုပါပဲ ကောင်မလေးရယ် ငါမင်းကို ချစ်တယ်ဆိုတာ လေပြေညှင်းက ပန်းလေးတစ်ပွင့်ကို ညင်ညင်သာသာလေး တိုးသက်နေသလိုမျိုးပါပဲ။ ငါ့မှာ မင်းရဲ့ ရနံ့ကို ဖျားယောင်းဖို့ စိတ်မကူးခဲ့သလို မင်းရဲ့ တောက်ပတဲ့ ၀တ်မှုန်တွေကို ခိုးကူးဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ ငါ့ ရင်ထဲမှာပွင့်တဲ့ပန်းမို့ စိတ်ကူးနဲ့ပဲ နမ်းချင်ခဲ့တာ တစ်ခုတည်းပါ။ ဒါပေမဲ့။
ဒါပေမဲ့ ကောင်မလေးရယ်။ ငါက အညတြကဗျာတစ်ပုဒ်နဲ့ ကဗျာဆရာဟန်လုပ်နေရတာကလွဲလို့ ဘယ်လိုထယ်ဝါမှုမျိုးနဲ့ ကံစပ်ခဲ့တဲ့ကောင် မဟုတ်ပါဘူး။ ငါ့ဆီမှာ မင်းမက်မောအထင်ကြီးတတ်တဲ့ ရုပ်ရည်၊ အသပြာ၊ အပေါ်ယံဂုဏ်ပကာသနနဲ့ လူတကာသုံးနေတဲ့ ဟန်ဆောင်မျက်နှာဖုံးတွေလဲ မရှိဘူး။ မင်းလိုတာ အကုန်ဖြစ်စေဆိုတဲ့ အာလာဒင်ရဲ့ ဆီမီးခွက်လိုမျိုး ငွေလုပ်တဲ့စက်လည်း မရှိပါဘူး။ ငါပိုင်ဆိုင်တာဆိုလို့ ငါ့ရင်ဘတ်ထဲ တလက်လက်လင်းနေတဲ့ ကဗျာနဲ့ ငါ့သွေးထဲ လှည့်ပတ်စီးဆင်းနေတဲ့ အနုပညာပဲ ရှိတယ်။ ငါပေးနိုင်တာဆိုလို့ ဟောဒီ နှစ်ဆယ့်တစ်ရာစုရဲ့ ရှားရှားပါးပါး သစ္စာတရားနဲ့ ထာဝရရင်ခုန်နွေးထွေးစေမဲ့ ချစ်ခြင်းမေတ္တာပဲ ရှိတယ်။ ကောင်မလေးရေ ငါ့ရဲ့ ပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်းတွေဟာ မင်းအတွက်တော့ မှောက်ကျသွားတဲ့ ကော်ဖီတစ်ခွက်လောက်တောင်မှ တန်ဖိုးမရှိခဲ့ပေမဲ့ မိုက်မိုက်မဲမဲ ပေးဆပ်ချင်နေခဲ့မိ တာကိုက ငါ့ရဲ့ အသူတရာနက်တဲ့ သူရူးအိပ်မက်တစ်ခုပါပဲ။ အရာရာဟာ မှိုင်း ဝေ ပြန့် ကျဲ လို့။
ကောင်မလေးရေ နားတွေ ဖွင့်ထားပြီး ကြားချင်ရုံသက်သက်နဲ့တော့ ငါ့ရင်ခုန်သံသီချင်းကို မင်းနားမဆင်ပါနဲ့။ သူငယ်ချင်းတွေကြားမှာ ဟားတိုက်ရယ်မောရုံသက်သက်နဲ့လည်း ငါ့ကဗျာတစ်ပုဒ်ကို မင်းမဖတ်လိုက်ပါနဲ့။ ငါ့အချစ်ကို မပြောနဲ့။ ငါ့ကဗျာစကားလုံးလေး တစ်လုံးအတွက်တောင်မှ နေရာမပေးနိုင်တဲ့ မင်းနှလုံးသားကို တစ်နေ့နေ့ ငါ့ခြေထောက်တွေ ဒူးထောက်ခစားလာလိမ့်မယ်လို့လည်း မင်းမထင်ထားပါနဲ့။ ကောင်မလေးရေ မင်းအခန်းထဲမှာ တယုတယ သိမ်းဆည်းထားတဲ့ လူတကာပေးတဲ့ရည်းစားစာတွေ။ ယောင်္ကျားလေးတကာပေးထားတဲ့ ရည်းစားစာနဲ့ ပို့စကဒ်လှလှလေး တွေ။ ဈေးကြီးကြီးပေးဝယ်မှ ရတဲ့ ချောကလက်တွေ။ အမွေးပွအရုပ်ကြီးကြီးတွေနဲ့ နောက်ဆုံးပေါ်ဒီဇိုင်း အ၀တ်အထည်တွေ။ အဲဒါတွေ အားလုံးထဲမှာ ငါ့အချစ်နဲ့ ငါ့အနုပညာကိုတော့ အပါမခံနိုင်ပါဘူး။ ချစ်တယ် ချစ်တယ်လို့ ငါ့ရင်ထဲက တိတ်တိတ် ကလေး မြည်တမ်းမိလိုက်တာနဲ့တင် အရာအားလုံးဟာ ပြီးပြည့်စုံလွန်းခဲ့တာပါ ကောင်မလေးရယ်။
ကောင်မလေးရေ ချစ်တယ်လို့ တစ်ခွန်းပြောတိုင်း ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် အခုငါ့ရင်ခွင်ဟာ ဥယျာဉ်ကြီး တစ်ခုဖြစ်နေလောက်ပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်တွေသာ စီးကရက်တစ်လိပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ငါ့အချစ်တွေဟာ ကြွေကျသွားတဲ့ ပြာစတွေပဲပေါ့။ ငါလိုချင်တဲ့ ရနံ့တွေဟာ လေတချက်အဝေ့မှာပဲ ဝေ့လည်ဝဲခါစွာနဲ့ ပျောက်ဆုံး သွားခဲ့ရတာပါ။ အတိတ်ဆိုတာလည်း လွင့်ပျံ့သွားတဲ့ မိးခိုးငွေ့တွေလို ဝေေ၀၀ါးဝါးနဲ့ ပျောက်ဆုံးသွားတတ်ကြတာပါပဲ။ ဒါပေမဲ့ ကောင်မလေးရယ် မင်းရဲ့ နှုတ်ခမ်းပါးပါးလေးပေါ်က မှဲ့နက်ကလေးရဲ့ လှောင်ရယ်ဟားတိုက်မှုဟာ ငါ့မာနက အတုံးအရုံး ကျဆုံးသွားစေခဲ့။ မင်းလျှောက်သွားတဲ့လမ်းမှာ မင်းရဲ့ လည်ပြန်အကြည့်လေးတစ်ချက်ဟာ ငါ့အသက်ရှူခြင်းကို ရပ်တန့် သွားစေခဲ့။ အရာရာကို မင်းတတ်ပဲ တတ်နိုင်လွန်းခဲ့ပါရဲ့ ကောင်မလေးရယ်။ ငါကတော့ တစ်နေ့ချစ်လာလိမ့်နိုးနဲ့ မျှော်ကိုး ခဲ့ရတဲ့ နေ့များစွာအတွက် နောင်တတစ်ခုပဲ ပြန်ရခဲ့တာပါ။ ငါတန်ဖိုးထားတဲ့ ချစ်ခြင်းတရားကို မင်းကပဲ မမြင်တတ်ခဲ့ တာလား။ ငါကပဲ မင်းမြင်အောင် မပြတတ်ခဲ့တာလား။ သေချာတာတစ်ခုကတော့ ဒီလိုနဲ့ပဲ တစ်ဘ၀စာလွဲခဲ့တာပါ ကောင်မ လေးရယ်။
ဆူညံပေါက်ကွဲနေသော သီချင်းသံ၊ မော်ဒယ်မြင့် နောက်ဆုံးပေါ် တန်ဖိုးကြီး ဇိမ်ခံကားတစ်စီး၊ ထိုကားထဲမှ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ထားသော အထက်တန်းစားလူတစ်ယောက်၊ ထိုလူ၏ ဘေးတွင် ပျော်ရွင်ကြည်နူးစွာ လိုက်ပါသွားသော ကောင်မလေးတစ်ယောက်။ သို့မဟုတ် ကျွန်တော်၏ အိပ်မက်ချစ်သူ။ ရယ်သံများ။ လက်ထပ်ဖိတ်စာများ။ ထိုနေ့မှ စ၍ ကျွန်တော်၏ အညတြကောင်းကင်တွင် လတစ်စင်း ကြွေကျခဲ့သည်။ အရာရာသည် တိတ်ဆိတ်စွာ ၊ငြိမ်သက်စွာ၊ မှောင်မည်းစွာ။ ။

မင်းနဒီခ
Download PDF File At -- Ifile, Media Fire, Ziddu

ဝေးလွင့်အတိတ် အိပ်မက်ခြေရာ

အလိုမတူဘဲ ရောက်လာတဲ့ လက်ထပ်ဖိတ်စာရဲ့ အောက်ဖက်တစ်ခြမ်းမှာ သူ့နာမည်လေးကို နာရီ စက္ကန့်သံ တချက်ချက်မြည်သလို အဓိပ္ပာယ်မဲ့ ရေရွတ်မိနေပေမဲ့ ကျွန်တော့်မှာ သူမနဲ့ပတ်သက်လို့ လွမ်းစရာအတိတ်ကလွဲပြီး တခြား ဘယ်လို ပတ်သက်မှုမျိုးမှ ရှိမနေခဲ့တာ အသေအချာ။ အသည်းကွဲတယ်ဆိုတာ သွေးစိမ်းရှင်ရှင်မထွက်ပေမဲ့ ရင်ထဲနင့်အောင် နာနေတတ်တဲ့ စကြ၀ဠာဒဏ်ရာတစ်ခုပါပဲ။ ချစ်တတ်သူတိုင်း ခံစားတတ်ပါလိမ့်မယ်။ မစိမ်းကား မရက်စက်ခဲ့ပေမဲ့ `သံယော ဇဉ် ဆိုတာ အချစ်မဟုတ်ဘူး´ လို့ တိုးသက်ညင်သာစွာပြောခဲ့တဲ့ စကားသံလေးကို ပြန်ကြားမိတိုင်း ၀မ်းနည်းလာတတ်တဲ့ စိတ်ကို တားဆီးလို့မရနိုင်ခဲ့ဘူး။ အရာရာဟာ မနေ့တစ်နေ့ကလိုပါပဲ။ ဟုတ်တယ်။ ပြန်တွေးတိုင်း သူမအနားပြန်ရောက် ရောက်သွားခဲ့သလိုမျိုး သူမဟာ ကျွန်တော် အတိတ် ပစ္စုပ္ပန် အနာဂတ်ကို စိုးမိုးလွန်းခဲ့ပါတယ်။
သံယောဇဉ်ဆိုတာ ကိုယ့်လည်ပင်းကိုယ်ပြန်စွပ်ထားတဲ့ မမြင်နိုင်သောကြိုးတစ်ချောင်းပဲလား။ အားလုံးပြီးဆုံး သွားခဲ့ပါပြီ။ ပျော့ညံ့တဲ့သူတစ်ယောက်လို့ ထင်ရင်လည်း ထင်ပါစေတော့။ မငိုချင်ဘဲကျလာတဲ့ မျက်ရည်စတွေက ပါးပြင်ပေါ်မှာ အထိန်းအကွပ်မဲ့ စီးဆင်းလာသည်။ တစ်ရံတစ်ခါဆီက လင်းချင်တောက်ပခဲ့တဲ့ ရွှေရောင်အိပ်မက်တွေနဲ့အတူ မျှော်လင့်ချက်က လွင့်ပြယ်ေ၀၀ါး ဖမ်းဆုပ်မရနိုင်တော့။ တမ်းတမ်းတတ သတိရမိတဲ့ ညတိုင်းမှာ ဒီလိုတဖြည်းဖြည်းနဲ့ မဝေးပါရ စေနဲ့ လို့ ဆုတောင်းခဲ့ဖူးပေမဲ့ တဖြည်းဖြည်းနဲ့ ဒီလိုဝေးခဲ့ရတာ ရင်နာတယ်။ သမားရိုးကျ ဇာတ်လမ်းတစ်ပုဒ်ဆန်ပေမဲ့ သူမကိုမှ ချစ်မိသွားခဲ့တဲ့ ကျွန်တော့်အတွက်တော့ အလွန်တရာ ဆန်းကြယ်လှပလွန်းတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်လိုပါပဲ။ နူးညံ့ပျော့ပျောင်းစွာ၊ မြတ်နိုးသိမ်မွေ့စွာနဲ့ကျွန်တော်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကို သူမ မသိမသာ ချဉ်းနင်း ၀င်ရောက်သိမ်းပိုက်နေခဲ့တာ ကျွန်တော် သတိထားမိတဲ့အချိန်မှာတော့ နောက်ပြန်ဆုတ်လို့မရအောင်ကို အရာရာဟာ စူးနစ်ခိုင်မာနေခဲ့ပါပြီ။ သူမနဲ့ ကျွန်တော်ဟာ ကုမ္ပဏီတစ်ခုရဲ့ ၀န်ထမ်းတွေပါ။ ဒါပေမဲ့ မတူတာက သူမက ကျွန်တော်ရဲ့ အထက်အရာရှိဖြစ်ပြီး ကျွန်တော်က သူမရဲ့ လက်ထောက်ဝန်ထမ်းတစ်ယောက် အနေအထားပါ။ ကျွန်တော့်ထက် အသက် နည်းနည်းလေးကြီးပြီး ရာထူးမြင့်တာကလွဲရင် သူမဟာ ကလေးလေးတစ်ယောက်လိုပါပဲ။ မိုးတွေရွာရင် သူမ ပျော်တယ်။ နှင်းတွေကျတဲ့ မနက်ခင်းတွေဆိုရင် ကျုံးနံဘေးမှာ လမ်းထွက်လျှောက်တယ်။ သူငယ်ချင်း တွေနဲ့ ၀ိုင်းဖွဲ့စကားပြော လို့ ရယ်သံအကျယ်ကြီးကြားလိုက်ရရင် အဲဒါသူမအသံပဲ။ သူမအလုပ်စားပွဲလေးဘေးမှာ အချဉ်ထုပ်၊ အချိုထုပ်တွေနဲ့ ဘယ်တော့မှ မုန့်ပြတ်တယ်ဆိုတာ မရှိစေရ။ ဒါပေမဲ့ သူမက စည်းကမ်းရှိတယ်။ အလုပ်ချိန် တိကျတယ်။ လုပ်ငန်းကို လေးစား တယ်။ ဆုံးဖြတ်ချက်ပြတ်သားတယ်။ သူမရုံးမတက်တဲ့နေ့တွေ ဆိုရင် ရုံးတစ်ရုံးလုံး အသက်မဲ့သွားတယ် ထင်ရလောက်အောင် ပျင်းရိခြောက်ကပ်တိတ်ဆိတ်လို့။ အဲဒီလိုမျိုး သူမဟာ အားလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ပေါ့။ အလိုက်မသိကုန်လွန်သွားတဲ့ ရက်လနှစ်တစ်ချို့မှာ ကျွန်တော်ဟာ သူမနဲ့ အတူတူအလုပ်လုပ်ရင်း သူမနဲ့အတူတူ စကားတွေ ပြောရင်း သူမနဲ့ အတူတူဝိုင်းဖွဲ့ စားသောက်ရင်း ကျွန်တော့်ဘ၀ဟာ သူမမပါရင် မပြည့်စုံတော့သလို သူမမရှိရင် ကျွန်တော့် အသက်ရှင်ခြင်းဟာ အသက်မဲ့သွား သလိုခံစားခဲ့ရတယ်။ ဒါဟာ သူမကို ကျွန်တော်ချစ်မှန်းမသိ ချစ်နေ ခဲ့ပြီဆိုတာ အထပ်ထပ် သေချာစေခဲ့တဲ့ အကြောင်းတရား တွေပဲပေါ့။ ဘယ်သူမှ ရိုက်မစစ်ဆေးလည်း ကျွန်တော်ဝန်ခံပါရစေ။ ကျွန်တော် သူမကို ချစ်တယ်။ ကြိုးချင်းထားလို့ပဲ ငြိတယ်ပြောပြော နီးစပ်မှုမှာ သာယာသွားမိတာလို့ပဲဆိုဆို ရွှန်းလဲ့တောက်ပ တဲ့ သူမမျက်ဝန်း ညိုညိုတွေ အောက်မှာ ကျွန်တော်ဟာ အချစ်ကိုဒူးထောက်ကြိုဆိုခဲ့ပါတယ်။ ခိုင်မာစွာနဲ့ ချည်နှောင်မိတဲ့ သံယောဇဉ်တွေထဲမှာ ကျေနပ်စွာနဲ့ ရုန်းမထွက်ခဲ့မိတာလဲ အမှန်ပါပဲ။ ဒီထက်ပိုပြောလဲ ဒီစကားပါပဲ။ ကျွန်တော်သူမကို တစ်နေ့ထက် တစ်နေ့ ပိုချစ် တတ်ခဲ့တယ်။
ရုံးဆင်းချိန်ရဲ့ အိမ်အပြန်လှေကားထစ်လေးမှာ နှုတ်ဆက်လက်ပြခဲ့ရတဲ့ အချိန်တွေတိုင်း ရင်ထဲ လွမ်းလွမ်း ဆွတ်ဆွတ်နဲ့ တစ်စုံတစ်ရာ ဆုံးရှုံးသွားလိုက်ရသလို ခံစားရတယ်။ မနက်ခင်းရုံးတက်ချိန်တွေဆိုရင်လဲ သူမရဲ့ လာရာလမ်း လေးကို မှန်းမျှော်ငေးနေရတာ အရုဏ်တက်ချိန် နေအလင်းရောင်ကို အိပ်မပျော်နိုင်သူတစ်ယောက်က မျှော်လင့်နေသလိုမျိုး ကြည်နူးစရာကောင်းလွန်းရဲ့။ သူမရဲ့ အရယ်အပြုံး အကြည့်တစ်ချက်မှာ မျက်လွှာချ ခေါင်းငုံ့ပြန်ခဲ့ရတဲ့ အချိန်တွေကို အခုပြန်တွေးမိတော့မှ နှမြောစရာကောင်းလိုက်တာ။ သူမရဲ့ အနားမှာ အရိပ်ကလေးတစ်ခုလို နေချင်တယ်။ သူမ ကွန်ပျူတာနဲ့ အလုပ်လုပ်နေချိန်မှာ သူမကိုင်ထားတဲ့ mouse ကလေး ဖြစ်ချင်တယ်။ သူမတပ်ထားတဲ့ ပါဝါမပါတဲ့ မျက်မှန်လေးဖြစ်ချင်တယ်။ သူမ ကိုင်ထားတဲ့ ဟမ်းဖုန်းလေးမှာ တွဲလောင်းချိတ်အလှဆင်ထားတဲ့ အရုပ်ကလေးတစ်ရုပ်လဲ ဖြစ်ချင်တယ်။ ရင်ထဲမှာတော့ လူငယ်ပီပီ အရူးအမူးချစ်ပြချင်ပေမဲ့ သူမရဲ့ ရာထူးဂုဏ်၊ သူမရဲ့ အိနြေ္ဒသိက္ခာတွေကို ငဲ့ညှာပြီး တိတ်တိတ်ကလေး ခိုးချစ်နေရတာ ရင်မောစရာကောင်းလိုက်ပါဘိ။ ကျွန်တော့်အချစ်တွေကို ဖွင့်မပြောဘဲ သူမသိပါစေ။
အချစ်ဆိုတာ ဆောင်းနှောင်းရဲ့ လက်ကျန်နှင်းစက်တစ်စက်လိုမျိုး တဖြည်းဖြည်းနဲ့ေ၀၀ါးပြယ်လွင့်သွား တတ် တဲ့ အရာမဟုတ်ပါဘူး။ ရာသီစာပန်းတစ်ပွင့်လို အလှပဆုံးပွင့်ပြီးသွားတာနဲ့ အချိန်တန်ကြွေ သွားတတ်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော်က ချစ်ခြင်းတရားကို နှင်းစက်လေးလို ဖြူစင်သန့်ရှင်းစွာနဲ့ မြေကမ္ဘာလို ခိုင်မာတည်ကြည်စွာ အလေးအနက် တည်ဆောက်ပြီး ချစ်ပြခွင့်ရချင်မိတာပါ။ တစ်ခါတစ်လေကျတော့လည်း ဒီလိုတိတ်တိတ်ကလေး ခိုးပြီးချစ်နေရတာလဲ ကြီးမြတ် ခမ်းနားတဲ့ ကဗျာတစ်ပုဒ်ကို တိုးတိုးလေး ရွတ်ဖတ်နေရသလိုမျိုး ရင်ခုန်စရာလည်းကောင်းရဲ့။ ပန်းပွင့်လေးကို ၀တ်ရည် မစုပ် ရက်တဲ့ ပျားတစ်ကောင်လို သူမ မမြင်နိုင်အောင် ခိုးကြည့်နေရတာလဲ တစ်မျိုး ကြည်နူးစရာကောင်းရဲ့။ ဒါပေမဲ့ ဒါပေမဲ့ လေ။ ကိုယ့်ချစ်သူကိုချစ်တဲ့အကြောင်း ကမ္ဘာဦးလူတွေစာလုံးပေါင်းခဲ့သလို ကျွန်တော်လဲတယုတယဖွဲ့နွဲ့ချင်မိတာပေါ့။ ဓာတုကလျာ နဲ့ နတ်သျှင်နောင်၊ ရိုမီယိုနဲ့ ဂျူးလိယက်၊ တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားထဲက ဂျက်နဲ့ ရို့စ်တို့လို ကမ္ဘာကျော်တဲ့ အချစ် ဇာတ်လမ်းတစ်ပုဒ် ကျွန်တော်လည်း သူမနဲ့ သရုပ်ဆောင်လုပ်ချင်မိတာပေါ့။ သူမကိုယ်တိုင်လဲ ကျွန်တော့်ရဲ့ ဖုံးအုပ်မထားနိုင် အောင် ဖိတ်စင်ကျလာတဲ့ အကြည့် တွေ၊ ပွင့်အန်ထွက်ကျနေတဲ့ ကျွန်တော့်ရဲ့ ကြင်နာမြတ်နိုးမှုတွေ ဂရုစိုက် နွေးထွေးမှုတွေ ကို မိန်းကလေးတစ်ယောက်ရဲ့ သဘာဝတတ်အပ်တဲ့ ပညာတွေနဲ့ ရိပ်မိနေပြီ ထင်တာပဲ။ ပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ မြင်နေရတဲ့ ကျွန်တော့်အတွက် တန်ပြန်နွေးထွေးမှုနဲ့ ဂရုစိုက်ကြင်နာမှုတွေ၊ ကျွန်တော့်အပေါ်မှာ ဆက်ဆံတဲ့ သူမရဲ့ အပြုအမူတွေဟာ သာမန်ထက်ပိုပြီး နူးညံ့သိမ်မွေ့နေခဲ့တာ၊ သူမရဲ့ သူငယ်ချင်းတွေက ကျွန်တော်နဲ့ ၀ိုင်းစနောက်တဲ့အခါ သူမရဲ့ရှက်သွေးဖြန်းသွားတဲ့ အမူအယာ။ တစ်ခါတစ်လေ ကျွန်တော်မသိအောင် ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းညိုညိုတွေဟာ သူမနဲ့ကျွန်တော်ရဲ့ ချစ်ခြင်းဖွဲ့ကဗျာတစ်ပုဒ်လိုပါပဲ။ အိပ်မက်တူရင် ရင်ခုန်သံလည်း တူရမှာပေါ့။
ခံစားမှုကိုယ်စီနဲ့ မျက်ဝန်းတွေက ပြောနေတဲ့ စကားလုံးတွေကို နှလုံးသားနဲ့ ကြားနေရတာ ကျွန်တော့် အတွက်တော့ ကျေနပ်စရာကောင်းလှရဲ့။ ဒီလိုတဖြည်းဖြည်း အချိန်တွေကြာလာခဲ့ပေမဲ့ သူမနဲ့ ကျွန်တော့်ကြားမှာ အချစ် ဆိုတဲ့ ပန်းနုရောင်ပုဝါပါးပါးလေးခြားထားတာကလွဲလို့ အရာရာဟာ စိတ်ကျေနပ်ပျော်ရွှင်စရာတွေနဲ့ ပြည့်စုံလွန်းခဲ့ တာပါပဲ။ ဒီလိုနဲ့ တစ်နေ့ အထပ်ထပ်တင်းထားတဲ့ သံယောဇဉ်ကြိုးတွေကို ယုံကြည်ကိုးစားစွာနဲ့ `မ ကို ကျွန်တော် ချစ်တယ်´။ `မ ကို ကျွန်တော် ချစ်တယ်´ လို့ ပြောလိုက်မိတဲ့အခါ ဇာတ်လမ်းရဲ့ လှည့်ကွက်ဟာ ကျွန်တော်ထင်မထားတဲ့ ရိုက်ချက်နဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ရောက်လာပါတော့တယ်။
သူမရဲ့ ကြည်လဲ့ရွှန်းစိုနေတဲ့ မျက်ဝန်းညိုမှာ နှင်းရည်စက်တွေ တွဲလဲခိုလျှက်။ လေတစ်ချက်အဝေ့မှာ လှုပ်ခါ သွားတဲ့ သူမဆံနွယ်လေးတွေဟာ ၀င်းပပါးပြင်မှာ အငြိငြိ အယှက်ယှက်။ သူမပါးပြင်ပေါ်က စိမ်းမြသွေးကြောလေးတွေကို ကြည့်ရတာ ကျွန်တော့်အတွက်တော့ ကမ္ဘာဦးလူသားတွေ မီးကို စတင်တွေ့ရှိလိုက်သလိုမျိုး။ ကျွန်တော့် ရင်ခုန်သံတွေဟာ စက်သံမမှန်တော့တဲ့ နာရီတစ်လုံးလို ခုန်သွားလိုက် ရပ်သွားလိုက်နဲ့။ သူမကတော့ အမူအယာ အမျိုးမျိုးပြောင်း သရုပ်ဆောင် တတ်တဲ့ အကယ်ဒမီမင်းသမီးတစ်လက်လို အေးစက်စက်အကြည့်တွေနဲ့ ကျွန်တော်ကို ကြည့်တယ်။ ပြီးတော့ နှုတ်ခမ်းနှစ် လွှာကို တင်းတင်းစေ့လို့ မျက်လွှာကို အသာချ ကျွန်တော့်ရှေ့က နှုတ်မဆက်ပဲ လှည့်ထွက်သွားခဲ့တယ်။ ဘာအဓိပ္ပာယ်နဲ့ ဘယ်လိုနားလည်ရမယ်ဆိုတာ မခန့်မှန်းတတ်တော့အောင်ပါပဲ။ ကျွန်တော် အဲဒီညက အိပ်ရေးတွေပျက်လို့ အိပ်မက်တစ္ဆေ အခြောက်ခံခဲ့ရတယ်။ သူမနဲ့ ဝေးရမှာ ကြောက်တယ်။ သူမကို ပိုင်ဆိုင်ခွင့်မရမှာ ကြောက်တယ်။ သူမရဲ့ အကြည့် အပြုံးနဲ့ သူမနှလုံးသားကို ဆုံးရှုံးလိုက်ရမှာ ကြောက်တယ်။ စိတ်ထင်လို့ပါလို့ ကိုယ့် ကိုယ် ကိုယ်ပြန်အားပေးရင်း မျှော်လင့်ချက်ကို တောင်ထိပ်ပေါ် တွန်းတွန်းတင်၊ သူမရဲ့ အေးစက်တဲ့ အကြည့်စိမ်းစိမ်းကို ပြန်မြင်ယောင်ရင်း မျှော်လင့်ချက်ကို တောင်အောက် ပြန် ပြန်လိမ့်ချ။ ငါဟာ သူမ မမြင်နိုင်တဲ့ အရပ်က ဆစ်စီဖတ် တစ်ယောက်ဖြစ်မှန်းမသိဖြစ်လို့။
ကျွန်တော့်ဘ၀မှာ အရာရာကို ရှုံးနိမ့်ခဲ့ဖူးတယ်။ မပိုင်ဆိုင်ခြင်းများစွာ စွန့်လွှတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူမကို ဆုံးရှုံးစွန့်လွှတ်ရမှာကိုတော့ ကျွန်တော်အသက်သေရမှာထက် ပိုကြောက်လန့်နေမိတယ်။ `မင်းဆီက ချစ်တယ်ဆိုတဲ့ စကား မကြားပါရစေနဲ့ တို့ဆုတောင်းခဲ့ဖူးတယ် ဒါပေမဲ့ တို့ ဆုတောင်းမပြည့်ဘူး´။ ရုံးပိတ်ရက် တနင်္ဂနွေ တစ်ရက်မှာ သူချိန်း တဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာထိုင်ရင်း ကျွန်တော်ဟာ အပြစ်ကျူးလွန်ထားတဲ့ကလေးတစ်ယောက်လို ခေါင်းကို ငိုက်စိုက် ချလို့။ သူမပြောနေတဲ့ စကားတွေကို သေသေချာချာ နားစိုက်ထောင်လို့။ `တို့ မင်းကို သံယောဇဉ်ရှိပါတယ် ဒါကြောင့်မို့လဲ မင်းကို သာမန်ထက်ပိုပြီး ခင်တွယ်မိခဲ့တယ် ဒါပေမဲ့ သံယောဇဉ်ဆိုတာ အချစ်မဟုတ်ဘူးလေ´။ လေပြင်းတွေ တ၀ုန်းဝုန်း တိုက်ခတ်။ ကြီးမားပြင်းထန်တဲ့ လှိုင်းလုံးကြီးများ။ ကူကယ်ရာမဲ့ ခြေဦးတည့်ရာ ပြေးလွှားနေသည့် လူများ။ မြေပြင်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတွေ ဖြစ်ပြီး အဲဒီအက်ကွဲကြောင်းတွေကြားက တိုးထွက်လာသည့် မီးတောက်မီးလျှံများ။ ကမ္ဘာပျက် သားကောင်များ။ ဆူညံပေါက်ကွဲ။
သူမ မျက်နှာကို စေ့စေ့မကြည့်ရဲလို့ မျက်နှာလွဲလိုက်ကာမှာ ကော်ဖီဆိုင်လေးရဲ့ အပေါ်ထောင့်တစ်နေရာမှာ ရှိတဲ့ တီဗွီက 2012 ဇာတ်ကားပြနေလေရဲ့။ ဒါနဲ့ တီဗွီနောက်တစ်လုံးဆီ မျက်နှာလွှဲလိုက်တော့ ဘောလုံးပွဲတစ်ပွဲ။ အဖြစ် အပျက်က ဂိုးပြတ်ရှုံးနေသည့် အသင်းက ပင်နယ်တီ တစ်လုံးရသည်။ အဲဒီ ပင်နယ်တီကိုကန်သွင်းတော့ ဂိုးမ၀င်ဘဲ ဂိုးတိုင်မှန် ပြန်ကန်ထွက်။ ပင်နယ်တီမ၀င်သည့် ဘောလုံးသမားအား သူ့အသင်းဖော်များက ကျောပုတ်ပြီး နှစ်သိမ့်နေသည်။ ကျွန်တော့်
မှာတော့ အဲဒီလို ကျောပုတ်နှစ်သိမ့်ပေးမဲ့သူမရှိ။ နောက်တော့ ဆောက်တည်ရာ အားကိုးရာရှာမရလို့ သူမကို ပြန်ငေးကြည့် လိုက်တော့ သူမက ဆက်ပြောတယ်။ `တို့မှာ လက်ထပ်ရမယ့်သူ ရှိတယ် တနယ်စီဝေးနေလို့ မမြင်မတွေ့ ကြရပေမဲ့ ဘယ်တုန်းကမှ အဆက်အသွယ်မပြတ်ခဲ့ဘူး။ တို့ သူ့အပေါ်မှာ သစ္စာရှိချင်တယ် သစ္စာရှိရမယ်လို့လဲ ခံယူထားတယ်´။
မြင်ကွင်းသည် တဖြည်းဖြည်းနဲ့ မှုန်ရီေ၀၀ါး။ မျက်တောင်လေးတစ်ချက်ပင် သူမရှေ့မှာ မခတ်ရဲတော့။ တွဲလဲခိုနေတဲ့ မျက်ရည်စတွေဟာ မျက်တောင်တခတ်မှာ အလဲလဲအပြိုပြိုပြုတ်ကျသွားတော့မည့်အလား။ သူမဆက်ပြောနေ သော စကားတွေကိုလဲ မကြားတစ်ချက် ကြားတစ်ချက်။ ထိုင်ခုံတွေက နီးကပ်စွာတည်ရှိနေခဲ့ပေမဲ့ စကားလုံးတွေရဲ့ လားရာ ဟာ အစွန်းတဖက်ဆီကို ရောက်လို့ အသက်ရှူကျပ်လာသလိုပါပဲ။ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိက ရင်ကို နှိပ်စက်ခဲ့တဲ့ အခါ ကျွန်တော့် ပါးပြင်ဟာလဲ မျက်ရည်ကို သယ်ဆောင်လာတော့မဲ့ မြစ်တစ်စင်း။ ကျွန်တော်မျက်ရည်တွေကို သူမ မမြင်အောင် အလျင်အမြန်ခေါင်းငုံ့ပစ်လိုက်အခါ ကျွန်တော်ဟာ ကိုယ့်ဒဏ်ရာကိုယ် ပြန်ငုံ့ကြည့်မိတဲ့ သေခါနီးသားကောင် တစ်ကောင် လိုပါပဲ။ အားလုံးဟာ သူမအလိုတော်အတိုင်း ကျွန်တော် ဇာတ်သိမ်းပိုင်းမှာ ကိုယ်ရောစိတ်ပါ မရိုင်းခဲ့ပါဘူး။ ကျွန်တော် ဘာများ တတ်နိုင်ပါဦးမလဲ။ နောက်ဆုံးတော့ ကိုယ့်ရွက်ကိုယ်သိမ်းပြီး ကျွန်တော်ပြန်ခဲ့ပါတယ်။ ပင်လယ်နဲ့ မထိုက်တန်လို့ ပြန်ခဲ့ရတဲ့ လှေဆိုတာ မရှိပေမဲ့လည်း ဆိုက်ကပ်ရာ ကမ်းမသိမှတော့ ရွက်လွှင့်နေလဲ အပိုပါပဲ။ နောက်ဆုံးအနေနဲ့ သူမမျက်နှာလေးကို တစ်ဘ၀စာလောက်တော့ ငေးကြည့်ခွင့်ရှိပါစေ။ နောက်ဆုံးအနေနဲ့ နောက်ဆုံးအနေနဲ့ပါ `မ´ ရေ။
အို မျက်ရည် မျက်ရည်တွေ။ သူမ မျက်ဝန်းညိုမှာ မျက်ရည်တွေ စွတ်စွတ်စိုနေပေါ့။ ဘယ်လိုဖြစ်တာလဲ။ လမ်းခွဲသူ မငိုစတမ်းလေ။ ထားလိုက်ပါတော့။ သံယောဇဉ်ဆိုတာ အချစ်မဟုတ်ခဲ့ပေမဲ့ နှောင်တင်းခဲ့တဲ့ရင်မှာ ဒဏ်ရာကျန်တတ်စမြဲပါပဲ။ ကျွန်တော် သူမကို ကော်ဖီဆိုင်လေးထဲ ထားရစ်ပြီး နှုတ်မဆက်ပဲ ထွက်ခဲ့လိုက်တယ်။ နှုတ်ဆက်တယ်ဆိုတာ ပြန်မဆုံဖြစ်ကြမဲ့သူတွေ အတွက်လေ။ ကျွန်တော်အတွက်ကတော့ မျက်လုံးမှိတ်ထားရင်လဲ သူမအမြဲရှိတယ်။ မျက်လုံးဖွင့်ထားရင်လဲ သူမအမြဲတမ်းရှိတယ်။ အသက်ရှူသံတွေ ရပ်တန့်မသွားသရွေ့ နေ့နေ့ညည သူမ ကျွန်တော်ရင်မှာ အမြဲတမ်း ရှိနေမယ်ဆိုတာ ယုံတယ်။ အမြဲတမ်းယုံကြည်နေပါမယ် ` မ´ရယ်။
ဝေးသထက် ဝေးသွားခဲ့ကြပေမဲ့ ပြန်တွေးရင် အရာရာ သူမအနားမှာ ရှိနေသလိုမျိုး သူမဟာ ကျွန်တော့် စိတ်ကို ထာဝရစိုးမိုးထားတုန်းပါပဲ။ ဟိုးအဝေး မမြင်နိုင်သော အရပ်တစ်ခုဆီမှာ မင်္ဂလာပွဲတစ်ခုကျင်းပကောင်း ကျင်းပနေပါ လိမ့်မယ်။ ၀မ်းသာကြည်နူးမှုတွေနဲ့ နှစ်ဖက်မိဘအသိုင်းအ၀ိုင်းတွေကြားမှာ ရင့်ကျက်တည်ငြိမ် ကလေးဆန်ဆန် ချစ်စရာ ကောင်းသော မျက်ဝန်းညိုညိုသတို့သမီးတစ်ယောက် ပျော်ရွင်ကောင်းပျော်ရွှင်နေပါလိမ့်မယ်။ အနည်ထိုင်ခဲ့တာ ကြာပြီဖြစ်ပေ မဲ့ ဒဏ်ရာအဟောင်းမို့ အမာရွတ်မြင်တိုင်း သတိရမိတာ မဆန်းပါဘူး။ ကော်ဖီဆိုင်လေးထဲက ပြန်တွေးတိုင်း ကြားယောင်နေမိ တဲ့ စကားလုံးတွေကို လက်ထပ်ဖိတ်စာလေးထဲ အပြီးတိုင်ထည့်သိမ်းလိုက်ရင်း ကိုယ့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ တဲ့ ဇနီးနဲ့ သမီးငယ်လေးကို မကြားအောင် ကဗျာလေးတစ်ပုဒ် ခပ်တိုးတိုးလေးရွတ်လိုက်မိတယ်။

`လွမ်းခိုးတိုးတိတ် အိပ်မက်ညစဉ်
ရေးရေးမြင်သည် မပီဝိုးဝါး
မျက်ရည်များနှင့်

ဆွေးပြယ်လွင့်ပါး သူ့အနားတိုး
မျှော်ကိုးသမျှ ဖွင့်ဟပြောချင်
ယုယချင်လည်း
ဆိုင်သူကိုယ်စီ ရှိပြီးသားနှင့်´



မင်းနဒီခ
Instyle Magazine
Download PDF File At -- Ifile, Media Fire, Ziddu

ကြယ်ကြွေည အလွမ်း

မျှော်လေရာ မိုးကောင်းကင်သည် လရောင်အလင်းအောက်မှာဝေ့သီမှုန်ဝါးလျှက်။ တလက်လက်နှင့် လင်းလက်နေသည့် ကြယ်လေးတွေကို ကြည့်ရတာ ကြွေတော့မယ့် မျက်ရည်စက်တွေကို ပုတ်ခတ်တားဆီးနေသလိုမျိုး။ အရာရာဟာ ငါ့အတွက်တော့ ငိုချင်ရက် လက်တို့။ တကယ်ပါ ရီဝေမှိုင်းညို့ မျက်ရည်စို့လက် ချစ်ခြင်းရဲ့ လမ်းတစ်ဝက်မှာ အလွမ်းလွန်မူးလဲ အသည်းလဲ ကွဲခဲ့ဖူးပြီ။ မိုးစက်လွင့်ကြွေ ပန်းခရေမြေလူး အရူးအမူးလည်းချစ်ခဲ့ပြီးပြီ။ ငါ့အတွက် ဘာတစ်ခုမှ ပြန်မရခဲ့တာတောင်မှ ပြည်စုံလွန်းခဲ့ပါပြီ။ လွမ်းလွမ်းဆွတ်ဆွတ် လွင့်ပျံ့လာတဲ့ ဟိုးအဝေးက ခြောက်ကြိုးကသံတွေဟာလဲ ရင်ကိုလာမှန်တဲ့ မြားအစင်းစင်းလိုပါပဲ။ ပြန်မပြောချင်တော့ပါဘူး။ သံယောဇဉ်နဲ့ နှောင်တင်းရင်း ရင်ကိုစူးနစ်ခဲ့တဲ့ မြားတစ် စင်းအတွက် လေးတင်းခဲ့သူဟာ ကိုယ် ကိုယ်တိုင်ပဲမို့ ပြန်မပြောချင်တော့ပါဘူး။

လရောင်ကို ညအမှောင်နဲ့ မျှားတဲ့ည။ အိပ်မက်တံခါးဝမှာ ပန်းဘီလူးများ ကကြပါစေ။ လိပ်ပြာ မလှတဲ့ ညမို့ ဆေးအထပ်ထပ် သနေလဲ ထူးပြီး မလှတော့ပါဘူး။ ဖြေမရ ဖျောက်မရ ငါကိုယ်တိုင်တောင် လက်မခံချင်တဲ့ သတိရခြင်းမျိုးမို့ နှင်းမြူနဲ့ချက်ထားတဲ့ အရက်တစ်အိုး သူမသိအောင် ခိုးသောက်ရင်း တိတ်တိတ်လေးပဲ လွမ်းဦးမယ်။ ဒီလိုနဲ့ မမြင်မတွေ့ကြတော့ရင် နေက လကို မေ့နေသလိုမျိုး။ နွေဦးက နှင်းစက်ကို မေ့နေသလိုမျိုး။ ငါ့ကို မေ့သွားလိုက်ပေါ့။ မြေဆွဲ အားက ရုန်းထနေတဲ့တောင်ကုန်းတွေလိုမျိုး ချစ်ခြင်းတရားက ရုန်းမထမိတဲ့ ငါကတော့ အရှုံးကိုပဲ ပြန်တူးဖော်မယ်။ ညက နက်သထက် နက်လာခဲ့ပြီ။ နားထဲ ကြားမိတဲ့ နာရီသံချောင်းခေါက်သံဟာ တစ္ဆေတစ်ကောင်ရဲ့ စောင်းကြိုးခတ်သံလိုမျိုး ငါ့ကို ညှို့ငင် ခြောက်လှန့်လို့။ ရင်ခုန်သံတဒိတ်ဒိတ်နဲ့ အိပ်မရတဲ့ညတွေမှာတောင် ငါဟာ မင်းပါတဲ့အိပ်မက်ကို မက်ချင် နေတုန်း ပါပဲ။ ချစ်သူ ငါ့အချစ်တွေ အတုန်းအရုန်းကျဆုံးခဲ့လည်း အခုထက်ထိ အပြုံးမပျက်တဲ့ ငါ့ကိုယ် ငါ နောင်တမရချင်ပါဘူး။ ငါကိုယ်က ချစ်မိသူလေ။ စိတ်ကူးနဲ့ပဲ ရူးတယ်ပြောပြောပေါ့။ ဒီထက်ပိုဝေးလဲ ဒီထက်ပို မဝေးတော့ပါဘူးဆိုတဲ့ မောင်သိန်း ဇော်ရဲ့ ကဗျာလေးထဲကလို ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းရင်း ကိုယ့်ရင်ကို ကိုယ်ပြန်သစ် ဆက်ချစ်နေဦးမယ်။ နွေဦးရဲ့ သစ်ရွက်ကြွေတွေလို ပင်လယ်ဆီ စီးဆင်းသွားတဲ့ မိုးရေစက်တွေလို ဆောင်းနှောင်းရဲ့ ပွင့်ဖတ်တွေပေါ်က လက်ကျန်နှင်းစက် လေး တစ်ပွင့်လိုမျိုးပဲ ငါ့ကို သတိရပေးပါ။ အချစ်ဆိုတာ မင်းဖတ်ပြီး နားမလည်လိုက်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ ။ ငါ့ကို သတိရပေးပါ။ ငါဟာ မျှော်လင့်ခြင်းဆိုတဲ့ သေတ္တာလေးကို ဖွင့်ကြည့်မိတဲ့ ကမ္ဘာဦးရဲ့ နောက်ဆုံးပန်းသီးလေးတစ်လုံးပါ။ အဲဒီအ တွက် ငါ့ကို သတိရပေးပါ။ ငါဟာ မျှော်လင့်စရာဆိုလို့ မျှော်လင့်ခြင်းလေးတစ်ခုတောင်မှ မရှိတော့တဲ့ လေနှင်ရာတိမ်မျောလေး တစ်ခုပါ။ ငါ့ကို သတိရ ပေးပါ။ နောက်ဆုံး သတိရစရာမကျန်တော့ဘူးဆိုရင်တောင် ငါ့ဆိုတဲ့ ကောင်ကို မေ့ပစ်လိုက်ဖို့ ခဏ လေး သတိရပေးပါ။ သတိ ရပေးလိုက်ပါ။ ဒီလိုအပူ ဒီလိုအလွမ်းနဲ့ ငါ့ညတွေကို မုတ်သုန်ဘယ်နှခုတိုင်အောင် လွှတ်တင်တမ်းတ ဖြတ်သန်းနေရဦးမှာလဲ။ ပင်ပန်းလွန်းလှရဲ့။ ညလိုလို မနက်လိုလို အချိန်အထိ သတိတရနဲ့ တမ်းတနေခဲ့ပေမဲ့ ငါ့ရင်ဘတ်က အလွမ်းနက္ခတ်မှာပဲ ရောက်ရောက်နေတာ ခက်တယ်။ ထားလိုက်ပါ။

မလွတ်မြောက်ရင်လဲ နေပါစေတော့။ နောက်ကြောင်း ပြန်လှည့်ထွက်လာတဲ့ မြေခွေးတစ်ကောင်လို ဒီအပင်က စပျစ်သီး ချဉ်တယ်လို့လဲ ဘယ်တော့မှ ငါမပြောပါဘူး။ ရွှေရောင် ကောင်းကင်တစ်ခုလုံး ညွတ်ကျဖို့ မုဆိုးတစ်ယောက်လိုလဲ ဒူးထောက်ပြီး မတောင်းပန်ချင်တော့ပါဘူး။ ငါ့ကိုလွမ်းရင် ကြယ်ကို ကြည့် ငါကလွမ်းရင် ကြယ်လိုကြွေမယ်။ လရောင်ပြယ် ဝေးလွင့်ပါး ရင်ခုန်သံစကားကို နားဆင် ငါရင်တစ်စုံပြန်ရှင်သန်ဖို့ နောက်ကမ္ဘာတစ်ခုအထိ ပြန်စောင့်စားရင်း။
ကြိုးသည်လည်း ပြတ်ခဲ့ပြီ။ မြဲမြံစွာ နှောင်တင်းရင်း ကြိုးသည်လည်း ပြတ်ခဲ့ပြီ။ မီးသည်လည်း ငြိမ်းခဲ့ပြီ။ လင်းလက်စွာ အမှောင်ခွင်းရင်း မီးသည်လည်း ငြိမ်းခဲ့ပြီ။ ထို့အတူ ညသည်လည်း လင်းခဲ့ပြီ။ ညအမှောင်မှာ လရောင်ပျောက်လို့ ညသည်လည်း လင်းခဲ့ပြီ။ မည်သည့်အရာမှ မထူးဆန်းတော့။ ညသည် မာယာလား။ ညသည် ကဗျာလား။ ဘယ်လိုဖြစ်ဖြစ် ထိုညက ကောင်းကင်တွင် ကြယ်တစ်ပွင့် ကြွေကျခဲ့သည်။ ကြယ်ကြွေချိန်အလွမ်းနဲ့ ငိုရှိုက်သံသဲ့သဲ့ကြားမှာ ဆုတောင်းသံ သဲ့သဲ့လား၊ လေတိုးသံသဲ့သဲ့လား ကြားလိုက်မိသည်။ ၀န်းကျင်ကို လှည့်ကြည့်မိတော့ မိမိမှ လွဲ၍ မည်သည့် တစ်စုံတစ်ယောက်မှ မရှိ။ ဘယ်လိုဖြစ်ဖြစ် ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လွမ်းဆွတ်မြည်တမ်း၍ ကောင်းဆဲမှာပင် ထိုအလွမ်းတို့ဖြင့် ဆွံ့အခဲ့ရသည်။ အိပ်မက်တွေ အထပ်ထပ် အလွမ်းတွေ တလှပ်လှပ်နှင့် မျက်ရည်လွယ်တဲ့ ကြယ်တွေ တဖျတ်ဖျတ် ကြွေတဲ့ည။ အဲဒီညပေါ့။ ချစ်သူရေ ငါ့အချစ်တွေ မြေခခဲ့တယ်။
မင်းနဒီခ
Download PDF File At -- Ifile, Media Fire, Ziddu

ပင်လယ်များကိုဖြတ်သန်းခြင်း

ပင်လယ်များကို ဖြတ်သန်းခြင်း
မင်းနဒီခ

လူငယ်ဘ၀အမှတ်တရပင်လယ်
၁၉၈၁ ဇူလိုင်လ ၆ ရက်။ အဲဒီနေ့က နေသာသလား၊ မိုးလေးတဖွဲဖွဲကျနေခဲ့သလား ကျွန်တော်မသိ။ အမေ ဖုံးကွယ်ထား တဲ့ လက်ချောင်းတွေကြားက လောကကြီးကို ခိုးကြည့်လိုက်တော့ မှောင်လွန်းတယ်။ မှတ်မိသလောက်အရွယ်က စရင် ကျွန်တော် ဖြတ်သန်း ခဲ့ရတဲ့ ကလေးဘ၀အမှတ်တရပင်လယ်တွေက နည်းနည်းများကျယ်လွန်းနေခဲ့ပါသလား။ ညီအစ်ကို လေးယောက်မှာ ကျွန်တော်က အကြီး ဆုံးသား။ အဖေနဲ့ အမေ့ရဲ့ ချစ်ခြင်းနဲ့ ယုံကြည်ကိုးစားခြင်းမှာ အားကိုးတကြီးနဲ့ မျှော်လင့် ချက်အထားခံရသူ။ ဒါပေမဲ့ သားဦးကျွန်တော်က ထူးလည်း မထူးသလို ရူးလည်း မရူးခဲ့။ ဆိုးပြီးမမိုက်ခဲ့သလို တော်ပြီး လိမ္မာတဲ့ သားလည်း မဖြစ်ခဲ့။ ကလေးဘ၀ရဲ့ ပိုင်ဆိုင်မှုထဲမှာ လိုချင်တာထက် မရနိုင်တာပိုများခဲ့။တိုတိုပြောရရင် ကျွန်တော့်ညီလေးတွေ အသက်ပိုရှူလို့ရအောင် လေကိုတောင်မှ တ၀က်ပဲ ရှူခဲ့ရတဲ့ နေ့တွေမှာ ကလေးအတွေးနဲ့တင် လောကကြီးကို စိတ်နာခဲ့တယ်။ အခြားကလေးတွေ လွယ်တဲ့ လွယ်အိတ်ကလေးတွေကို ငေးတယ်။ အခြားကလေးတွေ စီးတဲ့ စက်ဘီးသေးသေးလေးတွေကို ငေးတယ်။ သေနတ်၊ လေယာဉ်ပျံ၊ အင်္ကျီ၊ ဖိနပ်၊ ခဲတံ ။ အစ်ကို တစ်ယောက်အနေနဲ့ နောက်ကို ခြေတလှမ်းဆုတ်ပေးခဲ့ရတဲ့ နေ့စွဲတွေမှာ တဖြည်းဖြည်းနဲ့ ပျော်ရွှင်စရာရှားပါးခဲ့တယ်။ အဲဒီလို စိတ်အား ငယ်မှုတွေနဲ့ဖြတ်သန်းခဲ့ရတဲ့ ကလေးဘ၀ရဲ့ ပင်လယ်ထဲမှာ ကျွန်တော် ပျော်ရွှင်စရာတစ်ခုကိုတော့ ရှာတွေ့ခဲ့ပါတယ်။ အဲဒါ ကတော့ အမေ့ရဲ့ အစ်ကို အကြီးဆုံး၊ ကျွန်တော့် ဦးလေး အမြတ်တနိုးဝယ်စုထားတတ်တဲ့ ရှူမ၀၊ မိုးဝေ၊ စန္ဒာ ၊ ငွေတာရီ။ လုံမလေး စတဲ့ မဂ္ဂဇင်းတွေ အပါအ၀င် ဦးနုရဲ့ မိတ္တ ဗလဋီကာကျမ်း၊ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်း၊ မောင်စံရှား ၀တ္တုတိုများ၊ အခြားဘာသာပြန်ဝတ္တု တော်တော် များများပါဝင်တဲ့ ထင်းရှူးသေတ္တာကို ဖွင့်ခွင့်ရလိုက်တာပါပဲ။ တစ်နေ့မှာ သေတ္တာထဲက စာအုပ်တွေကို ထုတ်ရှင်းနေတဲ့ ဦးလေး အနားကိုသွားပြီး စာအုပ်လေးတစ်အုပ်ကို အမှတ်တမဲ့ဖတ်နေတဲ့ ကျွန်တော့်ကို ဦးလေးက မင်းစာဖတ်ဝါသနာပါရင် ဒီသေတ္တာ ထဲက စာအုပ်တွေ ပေးဖတ်မယ် တဲ့။ တစ်ယောက်တည်းနေတတ်တဲ့ အကျင့်ရှိတဲ့ ကျွန်တော့်အတွက်တော့ ထမင်းစားလဲ စာအုပ်နဲ့၊ အိမ်သာတက်လည်း စာအုပ်နဲ့၊ ကျောင်းပြန်ရောက်တာနဲ့ အိမ်ပေါ်တက် တစ်ယောက်တည်းအိပ်ရာပေါ်လှဲပြီး စာအုပ်ဖတ်တော့တာပါပဲ။ နောက်ဆုံးတော့ ကျောင်းစာထိခိုက်မှာ စိုးတာနဲ့ ဦးလေးက ထင်းရှူးသေတ္တာလေးကို သော့ခတ်ပြီး ပြန်သိမ်းထားလိုက်ရတော့တဲ့အထိ စာအုပ်တွေကို စွဲလမ်းခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၁ မှာ မူလတန်းအောင်လို့ အထက်တန်း ကျောင်းဖြစ်တဲ့ အထက(၁၇)ကို ကျွန်တော် ပြောင်းရတဲ့အခါ ကျွန်တော့်အတွက် ရတနာသိုက်တစ်ခုကို ကျွန်တော် တွေ့ရှိခဲ့ ပါတယ်။ အဲဒါကတော့ ကျောင်းစာကြည့်တိုက်လေးပါပဲ။ အထက(၁၇) မှာ ကျောင်းစတက်တဲ့နေ့မှာပဲ အသင်းဝင်ကဒ်လေး လုပ်ပြီး မုန့်စားဆင်းလည်း စာအုပ်တွေသွားဖတ်၊ အတန်းဆင်းတော့လဲ အိမ်ကို စာအုပ်ငှားသွားနဲ့၊ ကျွန်တော့်အတွက် အထက်တန်းကျောင်းတက်ရတာ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ ကိုယ်မဖတ်ဖူးသေးတဲ့ စာအုပ်အသစ်တွေ၊ ပြီးတော့ ကိုယ်မမြင်ဖူးတဲ့ သူငယ်ချင်းအသစ်တွေနဲ့လည်း ဆုံတွေ့ရ။ မှတ်မှတ်ရရ ခြောက်တန်းနှစ်မှာ ကျောင်းက လုပ်တဲ့ မူးယစ်ဆေးဝါး နံရံ ကပ်စာစောင်မှာ ကဗျာတစ်ပုဒ်ဝင်ရေးဖြစ်တယ်။ ပထမဆုံးအကြိမ်ပါပဲ။ နံရံကပ်စာစောင်လေးကို ကျောင်းတက် ကျောင်းဆင်း သွားသွားကြည့်ရတာ၊ ကိုယ့်ကဗျာလေးကိုယ် ဘယ်နှကြိမ်မြောက်မှန်းမသိအောင် အခါခါပြန်ဖတ်၊ ကြည်နူးမှုနဲ့ ဖြတ်ကျော်ခဲ့ ရတဲ့ နေ့စွဲများ။ အဲဒီနှစ်ထဲမှာပဲ ဒီထက်ပိုပြီး အမှတ်တရဖြစ်ရတာက အဲဒီနံရံကပ်စာစောင်မှာ ကျွန်တော်နဲ့ အတူတူ ကဗျာ ရေးတဲ့ သူငယ်ချင်း နိုင်အောင်နဲ့ ခင်သွားခဲ့ရာက တကယ့်ညီအစ်ကို အရင်းတွေလိုချစ်ကြတဲ့အထိ သူ့အိမ်ကိုယ်အိပ်၊ ကိုယ့် အိမ် သူလိုက် အိပ်တဲ့အထိ တပူးတွဲတွဲ ရင်းနှီးသွားခဲ့တာပါပဲ။ ဒီလိုနဲ့ ခုနှစ်တန်း၊ရှစ်တန်း၊ကိုးတန်း အရင်းနှီးဆုံးသူငယ်ချင်း နိုင်အောင်၊ ထွန်းဝင်း၊ သူရအောင် တို့နဲ့အတူ ဆံပင်အရှည်ထားခဲ့၊ ဦးထုပ်နောက်ပြန်ဆောင်းခဲ့၊ အောက်အနားဖွာ ဂျင်းဘောင်း ဘီကို ဒူးဖြဲဝတ်ခဲ့။ လမ်းထိပ် အုတ်ခုံဂစ်တာတီး ဖိနပ်ရှပ်တိုက်စီးခဲ့။ ကျောင်းအင်္ကျီ အဖြူကော်လံထောင်ပြီး ပုဆိုးစိမ်းကို ချက်ဖြုတ်ဝတ်ခဲ့။ ကျောင်းလွယ်အိတ် စာအုပ်ကြားထဲမှာ ငွေနဂါးတစ်လိပ် ၊လပ်ကီးတစ်လိပ်နဲ့ ကျောင်းအိမ်သာ နောက်ဖေး လမ်း ကြားမှာ အငွေ့ဖျောက်ပြီး ဆေးလိပ်လည်း သောက်တတ်ခဲ့။ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ကိုယ်ထင်ရာကိုယ်လုပ် ကိုယ့်စိတ်ကူး နဲ့ကိုယ် စိမ်းလန်းခဲ့တဲ့ နေ့ရက်များ။ လူငယ် ဘ၀ရဲ့ အလတ်ဆတ်ဆုံးကာလများပါပဲ။ နောက်တစ်ခုက ပင်လယ်ကို ဖြတ်ဖို့ အတွက် ပင်လယ်ကိုစတင်တွေ့ရှိခဲ့တဲ့ကမ်းခြေ။ တနည်း ပြောရရင် ရန်ကင်းတောင်အရှေ့ဘက် ဆည်မြောင်း ၀န်ထမ်းအိမ်ရာ ထဲက စာအုပ်အငှားဆိုင်ကလေးဖွင့်ထားတဲ့ သူငယ်ချင်းနိုင်အောင့် အိမ်ကလေး။ ကိုးတန်းဖြေပြီးလို့ နွေကျောင်းပိတ်ရက်မှာ နိုင်အောင်တို့အိမ်မှာ တစ်လနှစ်လ သွားနေဖြစ်တယ်။ အဲဒီဆိုင်လေးမှာပဲ မိုးခေါင်လို့တီးတဲ့ဗုံသံကို နားထောင်ခဲ့။ ပန်းခေတ်က လမင်းကို တောင့်တခဲ့။ တော်တီလာဖလက်ရပ်ကွက်ထဲက ဒင်နီကို အားကျခဲ့။ မနက်မိုးလင်းတာနဲ့ စာအုပ်ဆိုင်ခင်း။ သူငယ် ချင်းနှစ်ယောက် စာအုပ်တစ်ယောက်တစ်အုပ်စီကိုင် လက်ဖက်ရည်ဆိုင် မိုးချုပ်အောင်ထိုင်ခဲ့။ တာရာမင်းဝေ ကဗျာတွေဖတ်ပြီး တာရာမင်းဝေဟန်နဲ့ ကဗျာတွေရေး။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကဗျာ တစ်ယောက်ဖတ် ။ ညညဆို ၀န်ထမ်း လိုင်းခန်းထိပ်က အုတ်ခုံမှာ ဂစ်တာတီး။ အဲဒီအချိန်မှာဟစ်ဖြစ်နေတာက လေးဖြူရဲ့ ဂီတမဉ္ဖူရီ။ ဖတ်ဖြစ်တဲ့ စာအုပ်တွေကလဲ စုံလို့။ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း( ပုတီးကုန်း)၊ နေနော်၊ မင်းလူ၊ နေမျိုး၊ ကိုငြိမ်း (မန္တလေး)၊တာရာမင်းဝေ၊ နီကိုရဲ ပြောရရင် အများကြီးပေါ့။ ရေငတ်တုန်း ရေတွင်းထဲ ဆင်းထိုင်ရသလိုခံစားခဲ့ရတယ်။ အမှတ်တရပြောရရင် ဆရာနေမျိုးရဲ့ မြင်ကွင်းကျယ် အချစ်ဝတ္ထုဆိုရင် ကြိုက်လွန်းလို့ သူငယ်ချင်းမပေးချင်တဲ့ကြားကနေ ဇွတ်အတင်းတောင်းယူမိခဲ့။ ဒီနေရာမှာ ကြားဖြတ်ပြီး ကျေးဇူး တင်ကြောင်းတစ်ခုလောက်တော့ ပြောချင်ပါတယ်။ ဘာလဲဆိုတော့ အပေါင်းအသင်းတွေနဲ့ပျော်ပါး ကျောင်းစာကို လည်း စိတ်မ၀င်စား ၊စိတ်ထင်ရာစိုင်း မှိုင်းမိနေတဲ့ အချိန်၊ ဆရာနွမ်ဂျာသိုင်းရဲ့ တစ်ခါတုန်းက တက္ကသိုလ်မှာ နဲ့ ဆရာ မင်းလူရဲ့ ရေတမာ စာအုပ်လေးတွေကို ဖတ်မိပြီး တက္ကသိုလ်တက်ချင်စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်လာခဲ့တယ်။ ပြီးတော့ သစ်ပုတ်ပင်၊ ဦးချစ်ဆိုင်၊ အင်းလျားကန်နဲ့ ဆရာဇ၀နရဲ့ ကောလိပ်ကြမ်းပိုးတို့လို တက္ကသိုလ်မှာကြုံတွေ့ရမယ့် ပျော်ရွင်မှုတွေ အဆောင်နေ ကျောင်းသားဘ၀တွေကို စိတ်ကူးနဲ့ အိပ်မက်မက် ခဲ့တယ်။ ဘ၀ကို ရေစုန်မျောချင်တဲ့ စိတ်ကလေးကနေ ဆယ်တန်းအောင်၊ ရန်ကုန်တက္ကသိုလ်မတက်ခဲ့ရပေမဲ့ သစ်ပုတ်ပင်၊ ရေတမာနဲ့ မကြုံတွေ့ခဲ့ရပေမဲ့ တောင်သမန်ကန်စောင်းက စိန်ပန်းတွေ နီရဲနေအောင်ပွင့်တဲ့ ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရခဲ့တယ်။ ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ပြီး Friend Cafe မှာ လက်ဖက်ရည်သောက်ခွင့်ရခဲ့တယ်။ ဆရာနွမ်ဂျာသိုင်းနဲ့ ဆရာမင်းလူတို့ ကျေးဇူး တွေပါပဲ။ အထက်တန်း ကျောင်းသား ဘ၀ရဲ့ နောက်ဆုံးအမှတ်တရတစ်ခုကတော့ ၁၉၉၈ ဆယ်တန်းကျောင်းတက်တဲ့နှစ်။ ဆယ်တန်းပြီး ရင် သူငယ်ချင်းတွေ အားလုံး တကွဲတပြားစီဖြစ်သွားနိုင်တာ တွေးမိပြီး လူစုံတုန်းအမှတ်တရဖြစ်အောင် လက်ကမ်းကဗျာစာအုပ်လေး တစ်အုပ်ကို လက်ရေးမူ နဲ့ လေးငါးရက်လောက် ညမအိပ်ဘဲရေးပြီး ကျောင်းနဲ့ သူငယ်ချင်းတွေ တက်တဲ့ ကျူရှင်တွေမှာ ဆရာ ဆရာမတွေ မသိအောင် တိတ်တိတ်ကလေးဖွက်ပြီး လိုက်ဖြန့်ရောင်းခဲ့တယ်။ စာအုပ်လေးနာမည်က ပန်းနုရောင်အဝေး တဲ့။ တကယ့်ကို အမှတ်တရ ပါပဲ။ လေးလုံးစပ်ကဗျာလေးတွေနဲ့ ကဗျာလိုလို စာညွန့်လိုလိုလေးတွေအားလုံး တစ်ဆယ့်ရှစ်ပုဒ်တိတိ။ ပန်းရောင် စာရွက်လေး တွေ ၀ယ်ပြီး ကိုယ့်ကဗျာကိုယ့်လက်ရေးနဲ့ ကိုယ်ရေး။ ရေးတဲ့သူတွေက နိုင်အောင်၊ ထွန်းဝင်း၊ သူရ အောင်၊ ကိုသက်၊ မင်းနဒီခ။ ဇွတ်အတင်းဝယ်ခိုင်းလို့ အားနာပါးနာနဲ့ ၀ယ်လိုက်ရတဲ့ သူငယ်ချင်းတစ်ချို့က မေးတယ်။ တခြားသူတွေ အကုန်လုံးသိတယ်။ မင်းနဒီခ ဆိုတာ ဘယ်သူလဲ တဲ့။ ကျွန်တော်က ငါပဲလို့ပြောတော့ ကဗျာတော့မသိဘူး။ ကလောင်နာမည်ကတော့ ကဗျာ ဆရာနဲ့ တူတယ်တဲ့။ ပင်လယ်ကိုဖြတ်ဖို့ ကမ်းစပ်မှာရပ်ပြီး ငေးမောနေတဲ့ ကောင်လေးတစ်ယောက်လို ကျွန်တော်ကိုယ် ကျွန် တော်ပြန်တွေ့ခဲ့တယ်။ ကျွန်တော်ဖြတ်မယ့်ပင်လယ်က ကမ်းမမြင်လမ်းမမြင်။ ပင်လယ်ကိုဖြတ်ချင်ပေမဲ့ ကျွန်တော့်မှာ ရေကြောင်းပြမြေပုံမရှိဘူး။ SOS စာသုံးလုံးကို ကျွန်တော် စာလုံးမပေါင်း တတ်ဘူး။ လမ်းမှာ ပင်လယ်ဓါးမြတွေရှိမှာလား။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ဆက်လက်ထွက်ခွာလာခဲ့တယ်။ ကဗျာတစ်ပုဒ်ကို ဖမ်းဖို့အတွက် ပိုက်ကွန် ပါတယ်။ ပန်းချီကားတစ်ချပ်ကို ဖမ်းဖို့အတွက် မှိန်းတံတစ်လက်ပါတယ်။ အနုပညာကို ဖမ်းဖို့အတွက်တော့ ဒုက္ခတရားကို ၀မ်းထဲ အပြည့်ထည့်ထားတယ်။ ဘာလိုသေးလဲ။ ကျွန်တော်ကတော့ ဆက်လက်ထွက်ခွာလာခဲ့ပြီ။

Anyway ကဖေးပင်လယ်
၁၉၉၈ ဆယ်တန်းအောင်တဲ့နှစ်ကစပြီး ၂၀၀၂ အဝေးသင်တက္ကသိုလ်ကနေ သင်္ချာမေဂျာနဲ့ ဘွဲ့ရတဲ့ကာလ တလျှောက် အထိ ပင်လယ်ကို အလျားလိုက်ကူးခဲ့ရတဲ့သူတစ်ယောက်လို ခြေကုန်လက်ပန်းကျ မောဟိုက်ပင်ပန်းလွန်းခဲ့တယ်။ ဆယ်တန်း အောင်တော့ အဖေအလုပ်သွင်းပေးလို့ လျပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးလုပ်၊ အဲဒီနောက် တရုတ်ကုန်သည် ကြီး တစ်ယောက်ဆီကနေ တရုတ်ဘောလ်ပန်လေးတွေကို စရန်ငွေတင်ပြီး ယူရောင်း။ အောက်ပိုင်းဆိုရင် ပဲခူး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ မော်လမြိုင်၊ရေး၊ ထားဝယ်။ အထက်ပိုင်းဆိုရင် မုံရွာ၊ ရွှေဘို၊ ၀န်းသို၊ကသာ၊ ကောလင်း၊ ဗန်းမော်၊ မြစ်ကြီးနား။ နယ်စုံလိုက် ရောင်းရင်း အလုပ်တစ်ဖက်နဲ့ ခရီးထွက်လိုက်။ မန္တလေးပြန်ရောက်တဲ့အချိန် ကျောင်းလေးပြေးတက်လိုက်နဲ့။ ဒီလိုနဲ့ လူရိုသေ ရှင်ရိုသေဘွဲ့လေးတစ်ခုရပြီး ဆေးကုမ္ပဏီ တစ်ခုမှာ အလုပ်ရခဲ့။ စာအုပ်တွေနဲ့ အလှမ်းဝေးခဲ့တဲ့နှစ်ကာလများပါပဲ ။ ဒါပေမဲ့ ကျွန်တော့်ဒုလ္လဘနဲ့ ရခဲလှတဲ့ ကဗျာဆရာ ဘ၀ကိုရဖို့ ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ၂၀၀၅ နှစ်ကုန်ခါနီးလေးမှာ ကျွန်တော့် ဦးလေးတစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဦး မိတ်ဆက်ပေးလို့ ဆရာမောင်ကြည်သာ(တောင်တွင်း) နဲ့ ဆရာမောင်စိုးသစ်( မန္တလေး)၊ မောင်သစ်ဦး(မြစ်ခြေ)တို့နဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ နန်းရှေ့မှာ နှစ်တွေအများကြီး ကျင်လည်ဖြတ်သန်းခဲ့ပေမဲ့ စာရေးဆရာ၊ ကဗျာဆရာဆိုတာကို အရှင်လတ်လတ်ကြီး ခင်မင်ရင်းနှီးခွင့်ရလိုက်တာ ကျွန်တော်ဖြတ်သန်းရမယ့် ပင်လယ်အတွက် အားကောင်းတဲ့ တက်မတစ်စုံကို ပိုင်ဆိုင်ခွင့်ရလိုက်သလိုပါပဲ။ အဲဒီတုန်းက ဆရာ မောင်ကြည်သာ( တောင်တွင်း) က လမ်း၃၀ မှာ ဒီဂျစ်တယ်ဓါတ်ပုံဆိုင်လေးဖွင့်ထားတဲ့ အချိန်။ မောင်သစ်ဦး (မြစ်ခြေ)က ၈၇ လမ်းက စက္ကူစက်တစ်ခုမှာ လုပ်နေတဲ့အချိန်။ မောင်စိုးသစ်( မန္တလေး)ကတော့ အခုအချိန်ထိ စက်မှုလက်မှုဘဏ်မှာ ၀န်ထမ်းလုပ်နေတုန်း။ ဆရာမောင်ကြည်သာ (တောင် တွင်း)က မီးလျှံထဲက လှေကားထစ်များ ခေါင်းစဉ်နဲ့ မန္တလေးက စာရေးဆရာအများစုနဲ့ ၀တ္တုတို စာအုပ် လေးတစ်အုပ် ထုတ် ပြီးပြီ။ ဆရာမောင်စိုးသစ်( မန္တလေး) က အမေ့မေတ္တာ နာမည်နဲ့ ကဗျာနဲ့ဝတ္တုအက်ဆေးလေးတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ဖြစ်ပြီးပြီ။ မောင်သစ်ဦး(မြစ်ခြေ)ကျတော့ လင်းအိမ်စည်ကလောင်နာမည်ခွဲနဲ့ မင်းကတော့ စံပယ်ပွင့် လေးတဲ့လား ဖြူ နာမည်နဲ့ ၀တ္တုရှည်လုံးချင်းတစ်အုပ်ထွက်ပြီး နောက်ထွက်မယ့် လုံးချင်းတွေအတွက် အားသွန်ခွန်စိုက်ရေးလို့။ အဲဒီတုန်းက မနက် မနက် ဆိုရင် မြရွှေတောင်လက်ဖက်ရည်ဆိုင်မှာ အလုပ်မသွားခင်ဆုံကြ။ ညနေအလုပ်ဆင်းချိန်ဆိုရင် သန်းတရာ ညအလင်းပေါက်ဆိုင် လေးမှာ ထမင်ကြော်စားရင်း ကြာဇံကြော်စားရင်း ဆုံကြ။ ကဗျာအကြောင်း၊ မဂ္ဂဇင်းတွေအကြောင်း၊ ပန်းချီအကြောင်း၊ ၀တ္တုတို အကြောင်း လေးယောက်သား ပြောကြဆိုကြ။ ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ ။ ကိုယ့်အိမ်က မိသားစုအချင်းချင်းတွေထက် တောင် ကျွန်တော်တို့တစ်တွေက ပိုတွေ့ဖြစ၊် စကားတွေ ပိုပြောဖြစ်ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်မှာ ကဗျာတွေသာ ဒိုင်ယာရီ စာအုပ်တွေနဲ့ သုံးအုပ်လောက် ရေးဖြစ်နေတာ မဂ္ဂဇင်းတွေပေါ် ကဗျာပို့ဖို့ မကြိုးစားမိသေးသလို ကိုယ့်ကဗျာတွေကိုလဲ မဂ္ဂဇင်း မှာ ဖော်ပြခံရလောက်အောင် အဆင့်မမှီ သေးဘူးလို့ ထင်မှတ်နေခဲ့တယ်။ ဒါပေမဲ့ ဆရာမောင်ကြည်သာ(တောင်တွင်း)နဲ့ ဆရာ မောင်စိုးသစ်တို့က ဖတ်ပြီး ဟေ့ မင်းနဒီခ မောင်ရင့် ကဗျာတွေက ကဗျာဖြစ်ပြီးသားတွေပါကွ မဂ္ဂဇင်းတိုက်တွေကို ရဲရဲပို့ လိုက် စမ်းပါ ဖော်ပြတာ မဖော်ပြတာက သူတို့အလုပ်၊ ရေးပြီးလို့ စိတ်ကြိုက်ဖြစ်ရင်တော့ ပို့သာပို့လိုက်တဲ့။ ပြီးတော့ ထပ်ပြော ပါ သေးတယ်။ မင်းကဗျာတွေကို ငါတို့စာမူတွေနဲ့ အတူတူ ပို့ပေးမယ်။ ဒီလိုပို့ပေးလို့ အယ်ဒီတာရွေးမယ်လို့တော့ အာမမခံဘူး။ ဒါပေမဲ့ ဒီကဗျာတွေဟာ မင်းနဒီခရဲ့ ကိုယ်တိုင်ရေး စာမူတွေဖြစ်ကြောင်းတော့ အာမခံနိုင်တယ် တဲ့။ ကျွန်တော် အရမ်းအား တက်သွားတယ်။ ကျွန်တော်ရေးဖြစ်တဲ့ကဗျာတွေထဲက ကျွန်တော်စိတ်ကြိုက် ဖြစ်တဲ့ ကဗျာတွေကို မဂ္ဂဇင်းတိုက်တွေ တစ်တိုက် ပြီးတစ်တိုက် ဆရာတွေရဲ့စာမူတွေနဲ့အတူ ပို့ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ကဗျာတွေ ရေးလိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ၊ မဂ္ဂဇင်းတွေ ဖတ်လိုက်နဲ့ ကျွန်တော်ကိုယ်တိုင် သတိမထားခဲ့မိတဲ့ ကဗျာပိုးက ငယ်ထိပ်တက်ကိုက်မှပဲ ကျွန်တော့်ကိုယ် ကျွန်တော် ဘာ ဖြစ်ချင်မှန်း ကိုယ်တိုင်သိလာခဲ့တော့တယ်။ ဒီလိုနဲ့ ၂၀၀၆ ကိုရောက်တော့ ကဗျာဆိပ်က တော်တော်တက် နေပြီ။ ရေးဖြစ် တဲ့ကဗျာလေးတွေကို ဆရာမောင်ကြည်သာနဲ့ မောင်စိုးသစ်တို့ကိုပြ၊ ဘယ်ကဗျာက ဘယ်လိုဖြစ်နေတယ်။ ဘယ်ကဗျာက ဘယ်မဂ္ဂဇင်းနဲ့ လိုက်တယ်နဲ့ ကဗျာလမ်းကြောင်းအပြောင်းအလဲနဲ့ ကဗျာအကြောင်းကလွဲရင် တခြားဘာမှမပြောချင် မကြား ချင်လောက် အောင်ဖြစ်ခဲ့တဲ့နှစ်များ။ အဲဒီနှစ်အစမှာပဲ ဆရာမောင်ကြည်သာက ငါတို့ ဒီလိုစကားတွေပြောပြီး လေထဲမှာတင် ပျောက်ပျက် သွားလို့ တော့မဖြစ်တော့ဘူး။ စာပေ၀ိုင်းလေး သတ်သတ်မှတ်မှတ်လုပ်ပြီး မှတ်တမ်းလေးတစ်ခုထားရင် ကောင်းမယ် ဆိုပြီးတော့ သောကြာနေ့ ညတိုင်း Anyway Cafe မှာ ညနေ ခြောက်နာရီလောက်က စပြီး စာပေ၀ိုင်းလေး စလုပ်ဖြစ်ခဲ့တယ်။ စလုပ်တဲ့ တစ်ပတ်နှစ်ပတ်မှာတော့ မောင်ကြည်သာ၊ မောင်စိုး သစ်၊ မောင်သစ်ဦး၊မင်းနဒီခ၊ ရဲရင့်ပိုင်အောင် ပင်တိုင် လေး ငါး ယောက်လောက်နဲ့ စလုပ်ခဲ့ပေမဲ့ နောက်ပိုင်း ကျွန်တော်တို့ စာပေ၀ိုင်းလေးကို စိတ်ဝင်တစားရှိတဲ့သူတွေ တဖြည်းဖြည်းပိုများ လာခဲ့တယ်။ ဆရာမောင်ကြည်သာရဲ့ ဖိတ်ခေါ်မှုနဲ့ ဆရာစိုးနိုင် (မန္တလေး တက္တသိုလ်)၊ ဆရာကောင်းဇော်၊ တက္ကသိုလ်တေဇာလင်း၊ ဆရာမောင်သင်းပန်၊ ဆရာမင်းတင်ထွဏ်း၊ ဆရာ မောင်ဆွေသစ်(မန္တလေး)၊ ဆရာအနီမောင်၊ ဆရာထိုက်မောင်၊ မင်းသာ ကီသွေး၊ ရွှေရည်( နန်းတော်ရှေ့)၊ အေကေအက်စ် (မြန်မာစာ)၊ ကိုကိုအောင် (မန္တလေး)၊ ဒီမို (မန္တလေး)၊ နေဝေး၊ ထွဏ်းသွေး အိမ်၊ မိုသျှန်း၊ တစ်ခါတရံ ရောက်လာတတ်တဲ့ ဆရာတွေက ကိုထက်(ရေဦး)၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ မြစ်ကြီးနားက ဆရာ ပန်းဒကာ ကိုတင်မြင့်၊ဦးဘုန်း (ဓါတု)၊ကိုရွှေမော်၊ မင်းငြိမ်းသော်၊ နွေဝေနှင်း၊ မန္တလေးက စာနယ်ဇင်းဆရာများ ။ ရန်ကုန်နဲ့နယ်က တစ်ခါတရံရောက်လာတတ်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ အများကြီးပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ စာပေ၀ိုင်းလေးရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုက တစ်ယောက်ပြီးမှ တစ်ယောက်အလှည့်ကျစီ ကိုယ်ဖတ်ဖူးတဲ့ အကြောင်းအရာ၊ ကိုယ်ရေးတဲ့ကဗျာ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ၀တ္တု၊ ကဗျာ၊ အက်ဆေး တစ်ခုခုကို စာပေ၀ိုင်းမှာ တတ်ရောက် လာတဲ့လူတိုင်း လူကြီးလူငယ်မရွေး ပြောခွင့်ရခြင်းပါပဲ။ တစ်ယောက်ပြောနေတဲ့အချိန်မှာလဲ အခြားတစ်ယောက်က ကြားဖြတ် မပြောကြဘဲ အားလုံးပြောပြီးမှ ပြန်လည်ဆွေးနွေး ညှိ နှိုင်းကြတဲ့ အလေ့အထပါပဲ။ နောက်တစ်ခုက စာပေ၀ိုင်းလေးမှာ တစ်ပတ်ပြီးတစ်ပတ် ထင်ရှားခဲ့တဲ့စာဆိုတော်ကြိးတွေ အကြောင်း၊ စာအုပ်တွေအကြောင်း၊ ခေါင်းစဉ်တင်ပြီး ရှေ့မှီနောက်မှီ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စာရေးဆရာကြီး တွေက ပြန်လည် ပြောပြလို့သိခဲ့ရ၊ပြီးတော့ တစ်ပတ်ကို ခေါင်းစဉ်တစ်ပုဒ်ပေးပြီး နောက်တစ်ပတ်မှာ အဲဒီခေါင်းစဉ်ကို ပုံစံအမျိုးမျိုးနဲ့ ရေးလာတဲ့ ကဗျာတွေကိုစုဖတ်ကြ။ ဆွေးနွေးကြ။ ပြီးရင် ကျွန်တော်တို့လူငယ်တွေ ဖတ်သင့် မှတ်သင့်တဲ့ စာအုပ်တွေ လမ်းညွှန်ပြနဲ့ ကျွန်တော်တို့လို ပင်လယ်ဖြတ်ဖို့ ဟန်ပြင်နေတဲက လူငယ်တွေ အတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့ စာပေ၀ိုင်းလေးပါပဲ။ အတ္ထုပတ္တိ၊ သမိုင်းအချက်အလက်တွေဆိုရင် ဆရာစိုးနိုင်( မန္တလေးတက္ကသိုလ်)၊ ဘာသာ ရေးနဲ့ပတ်သက်ရင် ဆရာတော် တက္ကသိုလ်တေဇာလင်း၊ ကဗျာနဲ့ပတ်သက်ရင် ဆရာမောင်ကြည်သာ-တောင်တွင်း၊ မောင်သင်းပန်၊ မောင်စိုးသစ်(မန္တလေး)၊ ၀တ္ထုနဲ့ ပတ်သက်ရင် ဆရာမင်းတင် ထွဏ်း၊ ပန်းချီနဲ့ပတ်သက်လာရင် ဆရာကောင်းဇော်( ကာတွန်း လေရူး)။ ထောင့်ပေါင်းစုံက စာပေ အနုပညာနဲ့ ပတ်သက်တဲ့ အမြင်၊ အယူအဆ၊ ဖြတ်သန်းမှုနဲ့ အနာဂတ်လမ်းကြောင်း အပြောင်းအလဲ။ ခေတ်ပေါ် ခေတ်ပြိုင်၊ သီအိုရီ။ ကဗျာနဲ့ပတ်သက်တဲ့ ခံယူချက်။ အနုပညာသည် အနုပညာခံစားနိုင်မှု အတွက်ထိ စဉ်းစားလာနိုင်အောင် အတွေ့အကြုံ တွေကို ရင့်ကျက်စေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၆ မတ်လမှာ ကျွန်တော့်အကြောင်း ဆိုတဲ့ကဗျာလေးတစ်ပုဒ် အလင်္ကာဝတ်ရည်ဂျာနယ်မှာ ကျွန်တော့်ရဲ့ပထမဦးဆုံးပုံနှိပ်ကဗျာအဖြစ် ဖော်ပြခံရပါတယ်။ ဘာပြော ကောင်းမလဲ။ ပျော်လွန်းအားကြီးလို့ အလင်္ကာဝတ်ရည်ဂျာနယ်ကို ဆယ်စောင်လောက်ဝယ်။ ကိုယ်နဲ့ အရင်းနှီးဆုံးမိတ်ဆွေ အပေါင်းအသင်းတွေကို လိုက်ဝေ။ ဂျာနယ်မျက်နှာဖုံးမှာ မင်းနဒီခ လက်မှတ်ကလေးထိုးလို့။ အဲဒီပီတိက အခုအချိန်ထိ ကဗျာ တစ်ပုဒ်စာမျက်နှာပေါ်ပါလာတိုင်း ခံစားနေရတုန်းပါပဲ။ နောက်ပိုင်းမှာလဲ ကဗျာတွေ တစ်လခြား နှစ်လခြား တစ်ပုဒ်ပါလိုက် နှစ်ပုဒ်ပါလိုက်နဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ကိုယ်ကဗျာတွေကို ကိုယ်ပြန်ခံစားခွင့်ရခဲ့သလို Anyway စာပေ၀ိုင်း လေးဟာလဲ တစ်လထက်တစ်လ ပိုမိုအားကောင်းအရှိန်မြင့်လာခဲ့ပါတယ်။ အဲဒီ Anyway ကဖေးဆိုင်လေးမှာပဲ မိုသျှန်းက လရောင်ဆာတဲ့မြစ် အချစ် ကဗျာစာအုပ်မိတ်ဆက်ပွဲ။ ဦးဘုန်း (ဓါတု)ရဲ့ နီးနီးဝေးဝေးအတွေးလက်ဆောင်စာအုပ်မိတ်ဆက်ပွဲ၊ တက္ကသိုလ်တေဇာလင်းရဲ့ အလှမျက်ဝန်းမှ သိင်္ဂါရနှင်းစက်များ အနုပညာဆောင်းပါးများမိတ်ဆက်ပွဲ။ ဆရာစိုးနိုင် (မန္တလေး တက္ကသိုလ်)က ၂၀၀၇ မှာ ရွှန်းရွှန်းမြ တောင်သမန်စာတမ်းနှင့် စာပေဆောင်းပါးစာအုပ်နဲ့ ၊ နောက် ၂၀၀၈ မှာ လျှပ်ပန်းအက္ခရာ အနုပညာရသဆောင်းပါးများ စာအုပ်မိတ်ဆက်ပွဲ၊ ပြီးတော့ Anyway မှာ တစ်ပတ်တစ်ခါပေးတဲ့ခေါင်းစဉ်နဲ့ ပါလာတဲ့ မဂ္ဂဇင်း ကဗျာတွေ ဆယ်ပုဒ်ပြည့်တိုင်း Anyway မြင်ကွင်း ၁၀၊မြင်ကွင်း ၂၀ ဆိုပြီး မြင်ကွင်း ၅၀ ထိတိုင်အောင် လက်ကမ်းကဗျာ စာအုပ် လေးတွေလည်း ထုတ်ဖြစ်ခဲ့ကြပါတယ်။

Friday Ready Workshop ပင်လယ်
ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ပင်လယ်တလျှောက်မှာ Friday Ready Workshop ဆိုတဲ့ သောကြာဝိုင်းကလေးကလဲ ထိမ်ချန်ထားခဲ့လို့မရတဲ့ ပင်လယ်တစ်ခုပါပဲ။ ၂၀၀၈ မတ်လလောက်မှာ ဒီဝိုင်းကလေးကို အဓိကဦးဆောင်တဲ့သူကတော့ မောင်သစ်ဦး (မြစ်ခြေ)။ အခုထိလည်းသူက ဆက်လုပ်နေဆဲ။ သူက နန်းရှေ့က ဖောင်တော်ဦးပရဟိတ စာသင်ကျောင်းလေးရဲ့ စာကြည့်တိုက်မှာ အသင်းဝင်ကဒ်လေးလုပ်ထားတော့ မကြာခဏစာအုပ်တွေငှားရင်း အဲဒီကျောင်းက မိဘမဲ့ကျောင်းသား လေးတွေနဲ့ ရင်းနှီးပြီး အဲဒီ စာကြည့်တိုက်ကလေးမှာပဲ သောကြာနေ့တိုင်း စာဖတ်ဝိုင်းလေးလုပ်ဖြစ်ခဲ့တယ်။ ပထမတော့ သူတစ်ယောက်တည်းနဲ့ ကျောင်းသား လေးငါးယောက်လောက်နဲ့လုပ်နေရာက တဖြည်းဖြည်းကျောင်းသားဦးရေတွေများလာတော့ ကျွန်တော့်ကို အချိန်ရရင် ကူညီပါဦးဆိုလို့ တစ်ပတ်နှစ်ပတ်လောက်ဝိုင်းပေးဖြစ်ရာက သောကြာဝိုင်းလေးမှာ တစ်နှစ်နီးပါး လောက်ထိ ကျွန်တော်ဦးဆောင် ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။ ဒါပေမဲ့၂၀၀၉ ကျွန်တော်အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သောကြာဝိုင်း ရောက်ဖြစ်လိုက် မရောက်ဖြစ် လိုက်နဲ့ အခုဆိုရင် လုံးလုံးမသွားနိုင်တော့တဲ့အထိ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီ သောကြာဝိုင်းလေးမှာ ဘာလုပ်ဖြစ်ခဲ့သလဲဆိုရင်တော့ ပထမဆုံးကျွန်တော်တို့ အပါအ၀င် ကလေးတွေအားလုံး သောကြာ နေ့မတိုင်ခင် စာအုပ်တစ်အုပ် ဒါမှမဟုတ် ဆောင်းပါးကဗျာ ၀တ္ထုတို တစ်ပုဒ်လောက် အနည်းဆုံးဖတ်ခဲ့ပြီး အဲဒီ အကြောင်းအရာကို စာဖတ်ဝိုင်းမှာ ဆွေးနွေး၊ ပြန်လည်မျှဝေခံစားကြခြင်းပါပဲ။ အဓိက ရည်ရွယ်ချက်တော့ ကလေးတွေ စာဖတ် အားကောင်းပြီး လူပုံအလယ်မှာ ရဲဝံ့ဖို့၊ ဗဟုသုတပြည့်စုံပြီး အကောင်းအဆိုးကို ပိုင်းခြားသိမြင်တတ်ဖို့၊ အမြင်မှန်ပြီး အမှန်မြင် တတ်ဖို့။ သမိုင်းကိုလည်းသိ အနာဂတ်ကိုလည်း ဦးဆောင်နိုင်အောင် ကျွန်တော်တို့အများကြီးကြိုးစား ပေးနိုင်ခဲ့ ပါတယ်။ အခုဆိုရင် သောကြာဝိုင်းထဲက လင်းရိပ်တာရာ၊ ဇေသော်( စကားဝါမြေ)၊ ဇလပ်သွယ်နှင်းတို့ဆိုရင် မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်တောင် ရောက်ရှိရေးသားနေကြပြီ။ ဆရာမောင်ကြည်သာက ကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့ကဗျာတွေကိုဖတ်ကြည့်ပြီး ဆရာနီမောင် တို့က ကဗျာပါမယ် မပါဘူး အာမမခံပေမဲ့ ကဗျာတကယ်ရေးကြောင်းအာမခံပြီး မဂ္ဂဇင်းတွေပေါ်တင်ပေးခဲ့တယ် တဲ့။ သူ ကိုယ်တိုင်ကလဲ မောင်စိုးသစ်တို့ မောင်သစ်ဦးတို့ကို လက်ဆင့်ကမ်းပြီး လုပ်ပေးခဲ့တယ်။ မောင်စိုးသစ်တို့ လက်ထက်ကျ တော့ မင်းနဒီခတို့ ရဲရင့်ပိုင်အောင် တို့ရဲ့ ကဗျာတွေစုပြီး မဂ္ဂဇင်းတိုက်တွေပို့ပေးခဲ့တယ်။ အခု မင်းနဒီခတို့ လက်ထက်ကျ တော့လဲ သောကြာဝိုင်းက လူငယ်တွေအတွက် လက်ဆင့်ကမ်းသယ်ဆောင်ပို့ပေးခဲ့တယ်။ မန္တလေးမှာ လေးငါးနှစ်အတွင်း မျိုး ဆက်တွေ တစ်ဆက်ပြီး တစ်ဆက်ပေါ်လာတဲ့ အပေါ်မှာ အားရကျေနပ်မိတဲ့အကြောင်းပါ။ ကျွန်တော်တို့ကိုယ်တိုင် ဘာမှ မဖြစ် ခဲ့သေးပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်တာ မဖြစ်နိုင်တာတွေ လုပ်ကောင်းလုပ်နိုင်လာမဲ့ ဖြစ်ကောင်းဖြစ်လာနိုင်မယ့် မျိုးဆက် တစ်ခုကို လက်ဆင့်ကမ်းပေးနိုင်ခဲ့တာအတွက် ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ပင်လယ်မှာ ခြေကုန်လက်ပန်းကျခဲ့ရင် တောင် ကျွန်တော့် လက်ပစ်အတွက် ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။

ကဗျာပင်လယ်
တရိပ်ရိပ်တက်လာတဲ့ လှိုင်းလုံးတွေနဲ့
ကမ်းခြေရဲ့ ရာဇ၀င်ကို ခိုးဝှက်လိုက်ကြ
တစ်ခါတရံ သိမ်မွေ့
တစ်ခါတရံ ကြမ်းတမ်း
မီးပြတိုက်လေး ပခုံးပေါ်ထမ်းပြီး
ကိုယ့်ကိုယ် ကိုယ်ပေါလောမျောနေတဲ့တေလေ
ပြောပါဦး
မင်းက ဘယ်သူ့လက်ခုပ်ထဲက ရေလဲ ဆိုပြီး ကလျာမဂ္ဂဇင်းမှာ ကျွန်တော်ကဗျာလေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီ အတိုင်းပါပဲ။ ကဗျာပင်လယ်ထဲမှာ အချို့သူတွေ ခြေရာတွေချန်ထားခဲ့နိုင်ကြတယ်။ အချို့သူတွေကတော့ ဒီရေတွေ အောက်မှာ ခြေတောင် မချလိုက် နိုင်ဘဲ စုန်းစုန်းမြုပ်သွားခဲ့ကြတယ်။ ဘယ်တတ်နိုင်မှာလဲ။ ပင်လယ်ဆိုတာ လွယ်လွယ်နဲ့ ဖြတ်လို့ရနိုင်တဲ့ မြစ်တစ်မြစ်မှ မဟုတ်ခဲ့တာပဲ လေ။ ဒါကြောင့် စိတ်နာနာနဲ့ပဲ ကိုယ့်ကိုယ် ကိုယ်ပေါလောမျောနေတဲ့တေလေ မင်းက ဘယ်သူ့ လက်ခုပ်ထဲက ရေလဲ လို့ မေးခွန်းထုတ်ခဲ့ တာပေါ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကဗျာပင်လယ်က ရေစီးသန် လွန်းတယ်။ အမှိုက် ဒိုက်သရိုက်တွေ များတယ်။ ကျွန်တော်ရေစုန်လဲ မျောလိုက်ခဲ့။ ရေဆန်လဲ ပစ်ကူးခဲ့။ အပြောကျယ်တဲ့ ပင်လယ်ထဲမှာ နေရာ တိုင်းက စီးဆင်းနေတဲ့ မြစ်လက်တက်တွေက အများကြီး။ ခေတ်စမ်း၊ မိုးဝေ၊ စာပေသစ်၊မော်ဒန်၊ ပို့မော်ဒန်၊ Collage၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်မှာ LP, Post LP, Neo Modren, Collage, Experimental Poetry, Prose Poem နောက်ပြီး ကျွန်တော်လက်လမ်းမမှီနိုင်တဲ့ ကဗျာအမျိုးအစားတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်အတွက်ကတော့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ကဗျာပုံသဏ္ဍန်ဟာ အချိန်တစ်ခုကြာအောင်သေနေတဲ့ ပုံသဏ္ဍာန်ကို ပျင်းရိငြီးငွေ့ လာရာက ပေါက်ဖွား လာခဲ့တယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ ကဗျာပုံစံသစ်တွေကို လက်ခံ၊ အနုပညာစစ်မှန်ပြီး အများ လက်ခံရင် နေရာတစ်ခုကျန်ခဲ့ လိမ့်မယ်လို့ ခံယူထားပြီး ကျွန်တော့် ကဗျာစီးကြောင်းကို ၂၀၀၇ နောက်ပိုင်းမှာ ပြောင်းလဲခဲ့။ အရင်ရေးနေကျ ငါ ကိုယ်စားပြု တွေ၊ အကြောင်းအရာရှာ စကားလုံးအလှအပတွေနဲ့တန်ဆာဆင်၊ ဖတ်ပြီးရင် ပြီးပြီဆိုတဲ့ ကဗျာတွေကို ငြီးငွေ့ခဲ့။ ဘာသာစကား ကို အကြိုက်တွေ့မိပြီး လေ့လာဖို့ အားထုတ်ခဲ့။ ကိုယ်တိုင်တွေ့ရှိခံစားရတဲ့ ဘာသာစကားရဲ့ အလုပ်လုပ်ပုံ၊ ဘာသာစကားရဲ့ ရိုးရှင်းတဲ့ အဓိပ္ပာယ်နဲ့ ကဗျာတစ်ပုဒ်တည်ဆောက်ပုံကို အတုယူခဲ့။ အခုအချိန်ထိတော့ ဘာသာစကား ကဗျာတွေကို စမ်းသပ် ရေးဖွဲ့နေဆဲ။ ဘယ်လို ဖြစ်ဖြစ် အကြိုက်တွေ့တာကသပ်သပ်၊ ကိုယ်တိုင်ရေးလိုက်မိတဲ့ ကဗျာက သပ်သပ်ဆိုပေမဲ့ ကဗျာ လမ်းကြောင်းတစ်ခုဟာ အပြောင်းအလဲ တစ်ခုဖြစ်ခဲ့ပြီ ဆိုတာတော့သိရှိခဲ့။ ကျွန်တော်ကတော့ ကိုယ့်တံဆိပ်ကိုယ်ကပ် ပင်လယ်ကို ဖြတ်ဖို့ ဆက်လက် ထွက် ခွာ လာ ခဲ့ ပြီ ။

မင်းနဒီခ

Download PDF File At -- Ifile, Media Fire, Ziddu